ကျိုင်းကောင်

June 12, 2019

အီတလီတွင် နှစ် ၇၀ အတွင်း အဆိုးဆုံး ကျိုင်းကောင်များကျရောက်၊ စိုက်ခင်းများ ပျက်စီး

အီတလီနိုင်ငံ ဆာဒီနီးယားကျွန်းမှာ ကျိုင်းကောင်တွေ အစုလိုက်အပြုံလိုက် ကျရောက်နေတာကြောင့် စိုက်ခင်းတွေပျက်စီးပြီး နေအိမ်တွေထဲကိုလည်း ကျူးကျော် ရောက်ရှိတယ်လို့ ကော်ဒီရတ်တီ (Coldiretti) လယ်ယာစိုက်ပျိုးရေးအဖွဲ့က ဇွန်လ ၁၁ ရက်နေ့မှာ ပြောပါတယ်။ ကျိုင်းကောင်တွေကြောင့် နျူအိုရိုပြည်နယ် အလယ်ပိုင်းဒေသက စားကျက်မြေ ဧက ၆၂၀၀ ကျော် ပျက်စီးခဲ့ပါတယ်။ နွေရာသီကာလတွေဆို ဆာဒီနီးယားကျွန်းမှာ ကျိုင်းကောင်တွေကို တွေ့ရလေ့ရှိပေမယ့် အခုဖြစ်ရပ်ဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက နှစ် ၇၀ အတွင်း အဆိုးရွားဆုံးဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ပုံမှန်မဟုတ်တဲ့ ရာသီဥတု အခြေအနေတွေကြောင့် အခုလို ကျိုင်းကောင်တွေ အုပ်စုလိုက် ကျရောက်တာလို့ သူတို့က ဆက်ပြောပါတယ်။ ကျိုင်းကောင်တွေ ကျရောက်တာကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဘယ်လောက်ရှိမယ်ဆိုတာ လက်ရှိမှာတော့ ခန့်မှန်းဖို့ မဖြစ်နိုင်ဘူးလို့ Coldiretti အဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
2 years Ago
Up