ကျိုက်ထိုမြို့မဟာမုနိဘုရားတွင် မွေးကင်းစကလေးငယ်ကို လာရောက်စွန့်ပစ်

January 22, 2018

ကျိုက်ထိုမြို့မဟာမုနိဘုရားတွင် မွေးကင်းစကလေးငယ်ကို လာရောက်စွန့်ပစ်

  မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ကျိုက်ပေါလောမှဲ့ရှင်ဘုရားရှေ့ မဟာမုနိဘုရားအတွင်းရှိ ဘိုးမင်းခေါင်နတ်နန်းအတွင်းမှာ ဇန်နဝါရီ ၂၁ ရက်နေ့မနက်က မွေးကင်းစကလေးငယ်တဦးကို လာရောက်စွန့်ပစ်ထားခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ ကျိုက်ပေါလောဘုရားဝင်းရှိ ခိုင်သဇင်ကွမ်းယာဆိုင်က မနီစန်းက "ကျမတို့လည်း ဘုရား လာဖူးတဲ့သူတွေ တွေ့လို့ လာကြည့်တာပါ။ ဘယ်အချိန်တည်းက ကလေးကို လာထားသွားတာ လည်းတော့ အတိအကျ မသိပါဘူး။ ကလေးကအသားဖြူပြီး ချစ်ဖို့ကောင်းတယ်။ မဟာမုနိဘုရား အတွင်းမှာဆိုရင် ဒီလိုမျိုးကလေးလာရောက်စွန့်ပစ်မှုက ပထမဦးဆုံးအကြိမ်ပါ" လို့ပြောပါတယ်။ စွန့်ပစ်ခံ မိန်းကလေးငယ်အား ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံ ပေးပို့ထားပြီး ဆေးရုံအုပ် ဒေါက်တာစောကလျာနဲ့ ဒေါက်တာဆင့်ဆင့်ချောတို့က ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ ရက်ပိုင်းအတွင်း မွေးဖွားထားတဲ့ စွန့်ပစ်ခံမိန်းကလေးငယ်မှာ ကျန်းမာရေး ကောင်းမွန်နေပြီး ကိုယ်အလေးချိန်မှာ ၆ ပေါင် ၅ အောင်စ ရှိကြောင်း ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံက သိရပါတယ်။ သတင်း - ယူမင်းစိုး
4 years Ago
Up