ကျိုင်းတောင်းမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

September 5, 2018

ကျိုင်းတောင်းမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ  

ရှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့မှာ မနေ့မနက်က ရပ်ကွက် အုပ်ချုပ်ရေးမှူးတဦးကို အမည်မသိ သေနတ်သမားတွေ ချောင်းမြောင်းပစ်ခတ်မှုခံရပြီး သေဆုံး သွားပါတယ်။ ကျိုင်းတောင်းမြို့  ရပ်ကွက် ၁ (ကွန်မုန့်အုပ်စု) အုပ်ချုပ်ရေးမှူး စိုင်းညွန့်စိန် ခေါ် စိုင်း ဇင့်လျန်း အသက် (၄၈ နှစ်) မှာ မနေ့မနက် ၆ နာရီကျော်က နေအိမ်အနီး ရေခပ်သွားစဉ်  လူ ၂ ဦးက ဆိုင်ကယ်စီးပြီး ၀င်ရောက်ပစ်ခတ်သွားတယ်လို့ တရပ်ကွက်တည်းနေ စိုင်းဆေက ဒီဗွီဘီကို ပြောပါတယ်။ “မနေ့မနက် ၆ နာရီခွဲလောက်က အုပ်ချုပ်ရေးမှူးအပစ်ခံရတယ်လို့ ရပ်ကွက်ထဲမှာ ပြောနေကြလို့ ကျနော်တို့လည်း သွားကြည့်တယ်။  ဒါပေမယ့် အလောင်းတော့ မတွေ့တော့ဘူး။ ရဲက ဆေးရုံကိုယူသွားပြီတဲ့၊ သူက ရေသွားခပ်နေတုန်း လူ ၂ ယောက် ဆိုင်ကယ်နဲ့ ရောက်လာ ပြီး သေနတ်နဲ့ပစ်တယ်လို့  သူတို့အိမ်ကပြောတယ်။ ပြီးတော့ ချက်ချင်းမောင်းပြေးသွားတယ်၊ အုပ်ချုပ်ရေးမှူးက သေနတ်ဒဏ်ရာ ၄ ချက်နဲ့ ပွဲချင်းပြီး သေတယ်”လို့ ပြောပါတယ်။ သေဆုံးသူ စိုင်းညွန့်စိန်မှာ ကျောင်းဆရာဟောင်းတဦးဖြစ်ပြီး ရပ်ရေးရွာရေး၊ ပရဟိတ လုပ်ငန်းတွေမှာ စေတနာပါပါနဲ့ တက်ကြွစွာဆောင်ရွက်နေသူဖြစ်ကြောင်း၊ လူချစ်လူခင်လည်း ပေါတဲ့အတွက် ဘယ်သူက ဘာအငြိုးနဲ့ ပစ်သွားတာလဲဆိုတာ ခန့်မှန်းလို့ မရဘူးလို့  စိုင်းဆေက ဆက်ပြောပါတယ်။ စိုင်းညွန့်စိန်မှာ ကွယ်လွန်ချိန် ဇနီး ၁ ယောက်နဲ့ သား ၂ ယောက် ကျန်ရစ်ပြီး သူ့ရဲ့ အလောင်းကို ဒီစက်တင်ဘာ ၆ ရက်နေ့မှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။ ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ကျိုင်းတောင်းရဲစခန်းကို ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။
3 years Ago
Up