ကျားဟိန်းသံကို ထိတ်လန့်ပြီး မျောက်ကောင်ရေ ဒါဇင်နှင့်ချီ နှလုံးရောဂါရ သေဆုံး

September 12, 2017

ကျားဟိန်းသံကို ထိတ်လန့်ပြီး မျောက်ကောင်ရေ ဒါဇင်နှင့်ချီ နှလုံးရောဂါရ သေဆုံး (ရုပ်သံ)

အိန္ဒိယနိုင်ငံမှာ ဒါဇင်နဲ့ချီတဲ့ မျောက်တွေဟာ ကျားတကောင်ကို ထိတ်လန့်ပြီး နှလုံးရောဂါတွေရကာ သေဆုံးခဲ့ကြတယ်လို့ တိရစ္ဆာန်ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောလိုက်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ကော့တ်ဝလီ မိုဟမ်မ်ဒီဒေသတွင်း တောထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး အစုလိုက်အပြုံလိုက် သေဆုံးနေတဲ့ မျောက်တွေကို ဒေသခံတွေက တွေ့ခဲ့ကြတာ ဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ စက်တင်ဘာ ၁၁ ရက်နေ့က ဖော်ပြပါတယ်။ အစပိုင်းကတော့ ဒါဟာ အဆိပ်ခတ်သတ်ခံရတာဖြစ်မယ်လို့ သံသယရှိခဲ့ကြပေမယ့် စစ်ဆေးစမ်းသပ်ချက်တွေအရ မျောက်တွေဟာ ကျားတကောင်ကို တွေ့ချိန်မှာ တပြိုင်နက်တည်း နှလုံးဖောက် တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ထွက်ပေါ်ခဲ့တာပါ။ အိန္ဒိယနိုင်ငံမြောက်ပိုင်း အော့တ်ဝါပရာဒေ့ရှ်ပြည်နယ်တွင်းမှ တိရစ္ဆာန်ဆေးပညာ ကျွမ်းကျင်ပညာရှင်တွေက ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတွေ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒေါက်တာ ဆန်ဂျီကူးမားက “ကနဦး စမ်းသပ်စစ်ဆေးမှုတွေအရ မျောက်တွေမှာ နှလုံးတိုက်ခိုက်မှု ခံခဲ့ရပြီး သေဆုံးခဲ့ရတယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။ ဒါဟာ တောတွင်းမှာ ဖြတ်သန်းသွားလာနေတဲ့ ကျားတကောင်ကောင် ဟိန်းဟောက်တာကို ကြားချိန်မှာ ထိတ်လန့်ပြီး နှလုံးတိုက်ခိုက်ခံခဲ့ရတာ ဖြစ်နိုင်ပါတယ်” လို့ ပြောပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သစ်တောဌာနမှ အလုပ်သမားတွေဟာ မျောက်တွေရဲ့ အလောင်းတွေကို တွေ့ခဲ့ကြပြီးနောက်မှာ အိတ်တွေနဲ့ ထုပ်ပိုးသယ်ဆောင်နေခဲ့ကြတာကို တွေ့ရပါတယ်။ အနီးနား ရွာသားတွေကတော့ အခင်းဖြစ်ချိန်မှာ သူတို့ဟာ ကျားဟိန်းဟောက်သံတွေကို တပြိုင်နက်တည်း ကြားခဲ့ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး ပညာရှင်တွေကတော့ ဒီသေဆုံးမှုအပေါ် ပြစ်တင်ဝေဖန်နေကြပြီး ဒါဟာ ကူးစက်ရောဂါ တမျိုးမျိုးကြောင့် သေဆုံးခဲ့တာဖြစ်မယ်လို့ ပြောနေကြပါတယ်။
4 years Ago
Up