ဆော်ဒီအာရေးဗီးယားနိုင်ငံ ဈေးတခုအနီးမှာ အသက် ၆ နှစ်အရွယ် ကလေးငယ်တဦးဟာ ကျားဆွဲခံခဲ့ရပြီး အသက်ဘေးကနေ သီသီကလေး လွတ်မြောက်သွားခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ဆော်ဒီအာရေးဗီးယား အနောက်မြောက်ပိုင်း၊ ဆာကာကာမြို့က ဈေးတခုအနီးမှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းမှာ နိုဝင်ဘာ ၂၁ ရက်နေ့က ဖော်ပြပါတယ်။
အဲဒီဈေးအနီးမှာ ကျားဟာ အထိန်းအမျိုးသားတဦးနဲ့အတူ ရှိနေခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
ပျားပန်းခတ်သွားလာနေကြတဲ့ လူတွေစည်ကားတဲ့နေရာမှာ အထိန်းအမျိုးသားဟာ ကျားကို ကြိုးနဲ့ဆွဲထားခဲ့တာပါ။
အနီးနားဖြတ်သွားကြတဲ့ တချို့ကလေးတွေကတော့ ကျားကိုမြင်လိုက်ရချိန်မှာ အဝေးကပဲကြည့်ပြီး ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပေမယ့် ၆ နှစ်အရွယ် မိန်းကလေးတဦးကတော့ ကျားရဲ့အနီးကို စူးစမ်းပြီး တိုးကပ်ကြည့်ခဲ့တာပါ။
အဲဒီအချိန်မှာပဲ ကျားဟာ ကလေးငယ်ကို ဆွဲယူကာ မြေပြင်ဆီ လှဲချခဲ့တာကို တွေ့ရပါတယ်။
ကလေးငယ်ဟာ ကြောက်လန့်တကြား အော်ဟစ်ခဲ့ချိန်မှာ အထိန်းအမျိုးသားက ကျားကိုဆွဲထားတဲ့ကြိုးကို ဆွဲယူပြီး ဟန့်တားခဲ့ရတာပါ။
ရုပ်သံဗွီဒီယိုဖိုင်က အဲဒီနေရာမှာ အဆုံးသတ်သွားခဲ့ပေမယ့် မျက်မြင်တွေ့ရှိသူတဦးကတော့ ကျားထိန်းဟာ ကလေးငယ်ကို ကျားက အန္တရာယ်မပြုနိုင်ခင် ကယ်တင်ပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဒါပေမယ့် ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှတဆင့် ပျံ့နှံ့ခဲ့ပြီး လုံခြုံမှုမရှိတဲ့ အခြေအနေအပေါ် ဝေဖန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။
သားရိုင်းတိရစ္ဆာန်တွေကို အိမ်မှာမွေးမြူတာတွေဟာ မကြာသေးခင်နှစ်တွေကစလို့ အရှေ့အလယ်ပိုင်းဒေသ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေမှာ ရေပန်းစားလာနေခဲ့တာပါ။
ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (ဂျီစီစီ) မှ တာဝန်ရှိသူတွေကတော့ ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယားနဲ့ ယူအေအီးနိုင်ငံတွေမှာ အိမ်တွင်း သားရိုင်းတိရစ္ဆာန် မွေးမြူထားမှု မြင့်တက်လာတာတွေနဲ့ ပတ်သက်ပြီး အန္တရာယ်ရှိတယ်လို့ သတိပေးချက်တွေ ထုတ်ပြန်နေရတာပါ။
ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ကူဝိတ်နိုင်ငံသား အမျိုးသားတဦးကို ကြိုးကလွတ်လာတဲ့ ခြင်္သေ့တကောင် တိုက်ခိုက်ခံရလို့ သေဆုံးသွားခဲ့ပါတယ်။
၂၀၁၄ ခုနှစ်တုန်းကလည်း အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားတဲ့ ခြင်္သေ့တကောင် တိုက်ခိုက်ခံရလို့ ဖိလစ်ပိုင်နိုင်ငံသူ အိမ်အကူတဦးဟာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး ၅ ရက်အကြာမှာတော့ သေဆုံးသွားခဲ့ပါတယ်။
4 years Ago