ကျပ် ၅၀ တန် e-Lottery ထီစနစ်သစ်အကောင်အထည်ဖော်မည်

May 3, 2016

ကျပ် ၅၀ တန် e-Lottery ထီစနစ်သစ်အကောင်အထည်ဖော်မည်

မြန်မာနိုင်ငံမှာ ၀င်ငွေနည်းပြည်သူတွေ ထီထိုးကံစမ်းနိုင်မယ့် ငွေကျပ် ၅၀ တန် အီလက်ထရွန်နစ်ထီ (e-Lottery) စနစ်သစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။ အဆိုပါ ထီစနစ်သစ်ကို လွှတ်တော်မှာ အောင်ဘာလေထီဥပဒေကို ပြဌာန်းပြီးမှ ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ မိုဘိုင်းဖုန်းကနေတဆင့် ထီထိုးနိုင်မယ်လို့ လည်းဆိုပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ထီစနစ်သစ်စတင်အကောင်အထည်ဖော်မယ်နိုင်မယ်ဆိုတာနဲ့ ထီဆုကြေး အမြင့်ဆုံး ဘယ်လောက်ထိရမယ်ဆိုတာ အပါအ၀င် အသေးစိတ်အစီအစဉ်တွေကိုတော့ မသိရသေးပါဘူး။ လက်ရှိ လစဉ် ၁ ရက်နေ့ထိုင်း ဖွင့်လှစ်ပေးနေတဲ့ အောင်ဘာလေထီဆုကိုလည်း အမြင့်ဆုံးဆု ကျပ်ငွေ သိန်း ၁ သောင်းထိတိုးမြှင့်ပေးသွားဖို့နဲ့  တစောင်လျှင် ကျပ် ၂၀၀ တန်ထီလက်မှတ်အပြင် ကျပ် ၅၀၀ တန် ထီလက်မှတ်တွေလည်း ထုတ်ဝေရောင်းချပေးသွားဖို့ရှိတယ်လို့ အောင်ဘာလေသိန်းဆုဌာန ညွန်ကြားရေးမှူး ဦးထွန်းထွန်းအောင်ရဲ့ပြောဆိုချက်ကို ကိုးကားဖော်ပြပါတယ်။ ပြည်တွင်း အခွန်ဦးစီးဌာန လက်အောက်ခံ အောင်ဘာလေသိန်းဆုဌာနက ၂၀၁၂ ဖေဖော်ဝါရီ ၁ရက်က စပြီး ငွေကျပ်သိန်း ၁၅၀၀ အထိ အမြင့်ဆုံးထီဆုအဖြစ် ဖွင့်လှစ်ရောင်းချ ပေးနေတာဖြစ်ပါတယ်။
6 years Ago
Up