ကျပ်ငွေ

November 21, 2018

ပြည်တွင်း၌ နိုင်ငံခြားငွေကို ကျပ်ငွေဖြင့် တရားဝင် လဲလှယ်သုံးစွဲနိုင်ရန် ဥပဒေပြင်ဆင်နေ

မြန်မာပြည်တွင်းမှာ နိုင်ငံခြားသုံးငွေကို ကျပ်ငွေနဲ့ တရားဝင် လဲလှယ်သုံးစွဲနိုင်ဖို့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေကို ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ပြောပါတယ်။ နိုဝင်ဘာ ၂၀ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ကယားပြည်နယ် မဲဆန္ဒနယ်က ဦးစိုးသိန်းမေးတဲ့ နိုင်ငံပိုင်ငွေကြေး ပိုမိုခိုင်မာလာစေဖို့နဲ့ တရားမဝင် ငွေကြေးသုံးစွဲတာတွေကို ထိန်းချုပ်နိုင်ဖို့ နိုင်ငံခြားသုံးငွေကို ပြည်တွင်းမှာ ကျပ်ငွေနဲ့ လဲလှယ်သုံးစွဲနိုင်အောင် တွန်းအားပေးမယ့် အစီအမံတွေ ရှိ၊ မရှိ မေးခွန်းနဲ့ ပတ်သက်ပြီး ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောသွားတာပါ။ "နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေကို ၂၀၁၂ ခုနှစ်က ဥပဒေဆွဲခဲ့တာ။ အဲ့ဒါကို ကျနော်တို့ ပြန်လေ့လာတဲ့ အခါကျတော့ ဖြည့်စွက်စရာ အချို့အချက်တွေ ရှိပါတယ်။ လွှတ်တော်နဲ့လည်း တိုင်ပင်ပြီးတော့ လုပ်နေပါတယ်။ ဥပဒေပိုင်းအရ အခိုင်မာဆုံး ပြင်စရာရှိတာ ပြင်နေပါတယ်။ မြန်မြန် ပြင်ဆင်နိုင်အောင် ဆွေးနွေးနေပါတယ်။ ကြိုတင်ဆွေးနွေးထားတာ ရှိပါတယ်။” အစိုးရအနေနဲ့ ဘက်ဂျက်လိုငွေကို ဗဟိုဘဏ်ကနေ ချေးယူနေရတာဟာ မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းစေတဲ့ အချက်တချက် ဖြစ်တဲ့အတွက် ချေးငွေယူတာ လျှော့ချနိုင်အောင် အဆင့်ဆင့် ဆောင်ရွက်နေတယ်လို့လည်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ပြောပါတယ်။ “ဒီဟာတွေကတော့ ချက်ချင်းကြီး လုပ်လို့ရတဲ့ဟာတော့ မဟုတ်ဘူး။ အချိန်တခုတော့ ယူရမယ်။ တဖက်ကလည်း ကိုယ့်တိုင်းပြည်ရဲ့ ငွေကြေး ဈေးကျတဲ့ကိစ္စဟာ ပြည်သူတွေအတွက် ဒေါ်လာကိုင်ဖို့ မက်လုံးတခုလို ဖြစ်လာတာပါ။ အဲ့ဒီ ဈေးကျတဲ့ကိစ္စဟာ နိုင်ငံတော်ရဲ့ အခွန်ရရှိမှုနဲ့ ဆက်စပ်နေပါတယ်။ နိုင်ငံတော်က ရသင့်ရထိုက်တဲ့အခွန် မရဘူးဆိုရင် နိုင်ငံတော် သုံးစရာရှိတာတောင် သုံးလို့မရပါဘူး။” ပြည်တွင်းမှာ နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ ဝယ်ယူသုံးစွဲမှုတွေမှာ ပေးချေမှုတွေ၊ ဝန်ဆောင်ခနဲ့ အခကြေးငွေ ကောက်ခံမှုတွေကို နိုင်ငံတကာနည်းတူ ပြည်တွင်းသုံးကျပ်ငွေနဲ့ ပေးချေနိုင်ဖို့ သမ္မတရုံး ခွင့်ပြုချက်နဲ့ ၂၀၁၅ ခုနှစ် မေလထဲမှာ ပြည်ထောင်စုဝန်ကြီးဌာန အားလုံးနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အားလုံးကို အကြောင်းကြားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလထဲမှာ ထိရောက်စွာ လိုက်နာဆောင်ရွက်စေဖို့ ထပ်မံ အကြောင်းကြားခဲ့ပေမယ့် လိုက်နာမှုအားနည်းလို့ ၂၀၁၈ ဇန်နဝါရီမှာ ထပ်မံညွှန်ကြားခဲ့ရပြီး မလိုက်နာရင် အရေးယူဖို့ ဗဟိုဘဏ်က စီစဉ်နေပါတယ်။
2 years Ago

August 29, 2017

ပြည်တွင်းငွေပေးချေမှုအားလုံးကို မြန်မာကျပ်ငွေဖြင့် ပေးချေရန် ဆောင်ရွက်မည်

အမေရိကန်ဒေါ်လာငွေလဲနှုန်း တည်ငြိမ်စေရေးအတွက် ပြည်တွင်းငွေပေးချေမှုအားလုံးကို မြန်မာကျပ်ငွေနဲ့ ပေးချေရေး ပူးပေါင်းဆောင်ရွက်ဖို့ တိုင်းဒေသကြီးတွေကို အကြောင်းကြားထားတယ်လို့ သြဂုတ် ၂၈ ရက် အမျိုးသားလွှတ်တော်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောပါတယ်။ ကရင်ပြည်နယ် မဲဆန္ဒနယ်က ဒေါ်နန်းနီနီအေးရဲ့ မြန်မာ့ငွေကြေး အားကောင်းလာစေဖို့ နယ်စပ်မြို့တွေဖြစ်တဲ့ မူဆယ်၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်းနဲ့ တမူး စတဲ့ နယ်စပ်မြို့တွေမှာ တဘက်နိုင်ငံသုံးငွေကြေးအစား မြန်မာကျပ်ငွေသုံးစွဲရေး ဗဟိုဘဏ်က ဘယ်လို စီမံဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးခွန်းနဲ့ပတ်သက်ပြီး အခုလို ပြန်လည်ဖြေဆိုတာ ဖြစ်ပါတယ်။ “လိုက်နာဆောင်ရွက်ခြင်းမရှိရင် မည်သို့အရေးယူဆောင်ရွက်မယ်၊ မည်သည့်ကာလကစပြီး လိုက်နာမှုမရှိရင် အရေးယူဆောင်ရွက်မယ် ဆိုတာတွေကို ပြည်သူလူထုကို အသိပေးပြီး ပညာပေးကာလတခုသတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်” လို့ ဦးဘိုဘိုငယ်က ပြောပါတယ်။ လက်ရှိအခြေအနေမှာ ဗဟိုဘဏ်အနေနဲ့ Dollarization မဖြစ်စေဖို့အတွက် မူဝါဒအားဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနအားလုံးနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းတဲ့အဆင့်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ “နိုင်ငံရဲ့ ငွေကြေးတန်ဖိုး မြင့်မားလာစေဖို့နဲ့ Dollarization မဖြစ်စေဖို့ အဓိကထားပြီး ပြည်တွင်းငွေပေးချေမှု အားလုံးကို မြန်မာကျပ်ငွေနဲ့ပဲ ပေးချေဖို့ ကိစ္စအပေါ် အရေးယူ ဆောင်ရွက်မယ့် အစီအစဉ်တွေ ချမှတ်ပြီး ပြည်သူလူထုကို ကြိုတင်အသိပေးတာ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက သူတို့နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေကို အရေးယူဆောင်ရွက်တာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေက သက်ဆိုင်ရာဒေသတွင်း အရေးယူ ဆောင်ရွက်တာတွေ စသဖြင့် ပူးပေါင်းဆောင်ရွက်တာတွေ ဆောင်ရွက်ဖို့ စီမံထားပါတယ်” လို့လည်း ဆိုပါတယ်။ လက်ရှိမှာ ထိုင်းနိုင်ငံသုံးဘတ်ငွေကို ငွေလဲကောင်တာတွေမှာ ကျပ်ငွေနဲ့ လဲလှယ်သုံးဖို့ ခွင့်ပြုထားပြီးဖြစ်ပေမယ့် ဘတ်ငွေကို ပြည်တွင်းမှာသုံးရင် အရေးယူဆောင်ရွက်မယ့် အမိန့်တွေ ထုတ်ပြန်ပြီး ပြည်တွင်းမှာ ဘတ်ငွေသုံးစွဲရင် အရေးယူဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အိန္ဒိယနဲ့ တရုတ်နယ်စပ်ဒေသတွေမှာ တရုတ်ယွမ်မင်ဘီငွေကြေးနဲ့ အိန္ဒိယရူပီးငွေတွေကို ငွေလဲကောင်တာတွေမှာ တရားဝင် ဝယ်ယူရောင်းချ လဲလှယ်နိုင်ခွင့်ပြုဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ငွေလဲကောင်တာတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ ၂၀၁၇ ခုနှစ် ဇူလိုင်လကုန်ပိုင်းထိ ငွေလဲကောင်တာ ၁၃၄၅ ခု ဖွင့်လှစ်ခွင့်ပြုထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
4 years Ago
Up