ကျပ်သိန်း ၁၈၀ ကျော်တန်ဖိုးရှိ

April 26, 2017

ကျပ်သိန်း ၁၈၀ ကျော်တန်ဖိုးရှိ တရားမဝင်ကျွန်းသစ်ခွဲသားများ သထုံတွင် ဖမ်းမိ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာ၊ ဘုရားလေးကျောင်းတိုက်ရှေ့၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ ဧပြီ ၂၅ ရက်နေ့ မနက်ပိုင်းက ကျပ်သိန်း ၁၈၀ ကျော်တန်ဖိုးရှိ တရားမဝင် သယ်ဆောင်လာတဲ့ ကျွန်းသစ်ခွဲသားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖြစ်စဉ်မှာ တရားမဝင်သစ်တွေ သယ်ဆောင်လာကြောင်း သတင်းအရ သထုံခရိုင် မှုခင်းနှိမ်နင်းရေးအကူဌာနမှ တပ်ဖွဲ့ဝင်တွေဟာ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်က စောင့်ဆိုင်းနေစဉ် ရန်ကုန်ဘက်မှ ယာဉ်မောင်း ဇော်မိုး  မောင်းနှင်ပြီး ယာဉ်နောက်လိုက်အဖြစ် မိုးထက် နဲ့ ကျော်ကျော်စံတို့ လိုက်ပါလာတဲ့ ၆ ဘီးယာဉ်ကို စစ်ဆေးရာ ယာဉ်ပေါ်မှာ တန်ဖိုး ၈,၅၉၇,၆၈၀ ကျပ်ရှိ ကျွန်းခွဲသားဆိုဒ်စုံ ၅၇ ချောင်း ဖမ်းမိခဲ့တာလို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ ဒါ့အပြင် အဲဒီယာဉ် အနောက်ကနေ လိုက်ပါလာတဲ့ ယာဉ်မောင်း ဆန်းမြင့်ဦး မောင်းနှင်လာတဲ့ ၆ ဘီး ယာဉ်ပေါ်ကနေ ကျွန်းခွဲသားဆိုဒ်စုံ ၄၆၃ ချောင်း၊ ကာလတန်ဖိုး ၉၇၈၀,၄၀၀ ကျပ်လောက်၊ စုစုပေါင်း ကျွန်းခွဲသားဆိုဒ်စုံ ၅၂၀ ချောင်း၊ ကာလတန်ဖိုး ၁၈,၃၇၈,၀၈၀ ကျပ်ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားမဝင်သစ်တွေ သယ်ဆောင်လာတဲ့ ဇော်မိုး၊ မိုးထက်၊ ကျော်ကျော်စံ၊ ဆန်းမြင့်ဦးတို့ကို သထုံမြို့မရဲစခန်းမှ (ပ)၅၉၀/၂၀၁၇၊ ပပက-၆ (၁) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ သတင်း - ယူမင်းစိုး
4 years Ago
Up