ကျန်းမာရေးအခြေအနေကြောင့် လေဒီဂါဂါ ဥရောပနယ်လှည့်ဖျော်ဖြေရေးခရီးစဉ် ဖျက်သိမ်း

September 19, 2017

ကျန်းမာရေးအခြေအနေကြောင့် လေဒီဂါဂါ ဥရောပနယ်လှည့်ဖျော်ဖြေရေးခရီးစဉ် ဖျက်သိမ်း

နာမည်ကြီးပေါ့ပ်အဆိုတော် လေဒီဂါဂါဟာ ပြင်းထန်တဲ့ ရုပ်ပိုင်းဝေဒနာ ခံစားနေရပြီး ဆေးကုသမှု ခံယူနေတာကြောင့် ဥရောပနယ်လှည့်ဖျော်ဖြေရေး ခရီးစဉ်ကို ဖျက်သိမ်းမှာဖြစ်တယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။ လေဒီဂါဂါဟာ ဖျော်ဖြေရေးခရီးစဉ် ဖျက်သိမ်းတာနဲ့ပတ်သက်လို့ သူ့ရဲ့ တွစ်တာအကောင့်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် လေဒီဂါဂါဟာ မျှင်ထူကြွက်သားနာတဲ့ဝေဒနာ ခံစားနေရတာကြောင့် ပြီးခဲ့တဲ့သီတင်းပတ်က ရီယိုဒီဂျနေးရိုးမှာ ပြုလုပ်တဲ့ ဂီတပွဲတော်ကို မတက်ရောက်ခဲ့ပါဘူး။ ဒါ့အပြင် ဆေးရုံမှာ ဆေးသွင်းနေတဲ့ သူ့ရဲ့ဓာတ်ပုံတွေကိုလည်း ပို့စ်တင်ခဲ့ပါတယ်။ စက်တင်ဘာ ၂၁ ရက်နေ့မှာ စတင်မယ့် သူ့ရဲ့ ဥရောပ နယ်လှည့်ဖျော်ဖြေပွဲမှာ နောက်ဆုံးထွက်ရှိတဲ့ အယ်လ်ဘမ် “ဂျုံးစ်” ကို အရောင်းမြှင့်တင်မှာဖြစ်ပြီး သီတင်းပတ် ၆ ပတ်ကြာ ဖျော်ဖြေဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ အခုအခြေအနေမှာတော့ လေဒီဂါဂါရဲ့ ဥရောပနယ်လှည့်ဖျော်ဖြေပွဲကို ၂၀၁၈ ခုနှစ်အထိ ရွှေ့ဆိုင်းထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up