ကျန်ကျဲမင်

October 13, 2015

စီအန်ပီစီနှင့် ပက်ထရိုချိုင်းနား ဥက္ကဋ္ဌဟောင်းကို လာဘ်စားမှုဖြင့် ထောင်ဒဏ်ချမှတ်

တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း (စီအန်ပီစီ) နဲ့ ပက်ထရိုချိုင်းနား လုပ်ငန်းတို့ရဲ့ ဥက္ကဋ္ဌဟောင်း ကျန်ကျဲမင်ကို လာဘ်စားမှုနဲ့ အာဏာအလွဲသုံးစား လုပ်မှုတို့ကြောင့် ထောင်ဒဏ် ၁၆ နှစ် ပြစ်ဒဏ်စီရင်လိုက်တယ်လို့ တရုတ်အစိုးရ ရုပ်သံက အောက်တိုဘာ ၁၂ ရက်နေ့က ကြေညာပါတယ်။ ကျန်ကျဲမင်ဟာ တချိန်က အာဏာကြီးခဲ့တဲ့ ပြည်တွင်းလုံခြုံရေးခေါင်းဆောင်နဲ့ တရုတ်အစိုးရ ပေါ်လစ်ဗျူရို ကော်မတီဝင် ကျိုးယုံကန်းနဲ့ နီးကပ်တဲ့ အပေါင်းအသင်းပါ။ ကျိုးကတော့ စီအန်ပီစီမှာ ၁၉၉၆ ကနေ ၁၉၉၈ ခုနှစ်ကြား မန်နေဂျာချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖူးပါတယ်။ ကျန်ကျဲမင်ဟာ နိုင်ငံပိုင်ပစ္စည်းများ တရားဝင် ထိန်းသိမ်းသူအဖြစ် ၅ လကြာ တာဝန်ထမ်းအပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာမှာ စစ်ဆေးခံရတာပါ။ "သူဟာ ၂၀၀၄ ကနေ ၂၀၁၃ ကြား အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၁ သန်းကို လာဘ်ငွေ ယူခဲ့တယ်၊ စီးပွားရေး အပေးအယူတွေမှာ တခြားလူတွေကို ပံ့ပိုးဖို့ စည်းမျဉ်းတွေကို ကျိုးနဲ့အတူ ချိုးဖောက်ခဲ့တယ်" လို့ တရားရုံးက ပြောပါတယ်။ ကျန်ကျဲမင်က အပြစ်ရှိကြောင်း ဝန်ခံပြီး သူ့ရာဇဝတ်မှုတွေရဲ့ သက်သေတွေကို ပေးခဲ့တယ်၊ ဒါကြောင့် ပိုသက်ညှာတဲ့ ပြစ်ဒဏ်ကို ရခဲ့တယ်၊ သူ့အနေနဲ့ အသနားခံမှာတော့ မဟုတ်ဘူးလို့ ဟန်ကျန်းတရားရုံးက ပြောပါတယ်။ ကျန်ကျဲမင်ဟာ စီအန်ပီစီ ဥက္ကဋ္ဌအဖြစ် ၂၀၁၁ ကနေ ၂၀၁၃ ခုနှစ်အထိ တာဝန်ထမ်းခဲ့ပြီး ဧပြီလမှာ တရားစွဲခံရတာပါ။ တရားရုံးဆုံးဖြတ်ချက်က ဘာလို့ ဒီလောက်ကြာမှ ထွက်လာလဲ ဆိုတာကတော့ မရှင်းလင်းပါဘူး။ ကျန်ဆီက ယွမ်ငွေ ၁ သန်းကို တရားရုံးက သိမ်းခဲ့တယ်၊ သူနဲ့ မိသားစုဆီမှာ နောက်ကြောင်းမရှင်းတဲ့ ရင်းမြစ်တွေက ရတဲ့ ပိုင်ဆိုင်မှု အကြမ်းဖျင်းအားဖြင့် ယွမ်ငွေ ၁၅ သန်းရှိတယ်လို့ အစိုးရရုပ်သံက ပြောပါတယ်။ ဟာဘေးပြည်နယ်က တခြားတရားရုံးကလည်း ကွန်မြူနစ်ပါတီ စီချွမ်ပြည်နယ်ဆိုင်ရာ ဒု-ခေါင်းဆောင် လီချန်းချွမ်ကို အလားတူ စွဲချက်နဲ့ ထောင်ဒဏ် ၁၃ နှစ် ပြစ်ဒဏ်စီရင်ခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ပင်းဟာ နိုင်ငံတွင်း နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုကို ကျန်ခဲ့တဲ့ ၃ နှစ်လုံး တိုက်ဖျက်ခဲ့ပါတယ်။ အဂတိလိုက်စားမှုဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ရပ်တည်ရေးကိုပါ ခြိမ်းခြောက်နေခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။
6 years Ago
Up