ကျစ်လျစ်တဲ့ အစိုးရအဖွဲ့နဲ့ ကက်ဘိနက် ၀န်ကြီးအဖွဲ့ မြန်မာပြည်ကို ဘယ်လိုဦးဆောင်သွားမလဲ - အယ်ဒီတာစကားဝိုင်း

A d v e r t i s e m e n t With Us

March 29, 2016

ကျစ်လျစ်တဲ့ အစိုးရအဖွဲ့နဲ့ ကက်ဘိနက် ၀န်ကြီးအဖွဲ့ မြန်မာပြည်ကို ဘယ်လိုဦးဆောင်သွားမလဲ - အယ်ဒီတာစကားဝိုင်း

ဒီတပတ် အယ်ဒီတာစကားဝိုင်းမှာ ဆွေးနွေးမယ့် အကြောင်းအရာကတော့ အခု ရွေးကောက်ပွဲပြီးတော့ ပထမဆုံး ကျနော်တို့ မြန်မာပြည်မှာ အရပ်သား ဦးဆောင်တဲ့ သမ္မတ ဖြစ်လာသလို အစိုးရ၀န်ကြီးဌာနတွေလည်း ထွက်လာပါပြီ။ အဲ့လိုပဲ ၀န်ကြီးတွေလည်း ထွက်လာပါပြီ။ အဲ့ဒါနဲ့ပတ်သက်လို့ အန်အယ်လ်ဒီကတော့ ရွေးကောက်ပွဲတုန်းက ပြောထားတယ်၊ သူက ကျစ်လျစ်ပြီး ထိရောက်တဲ့ အစိုးရတဖွဲ့နဲ့ ကက်ဘိနက် (cabinet) ၀န်ကြီးအဖွဲ့နဲ့ မြန်မာပြည်ကို ဦးဆောင်သွားမယ်ပေါ့နော်။ အင်္ဂလိပ်လိုတော့ Lead and Efficient Government ပေါ့။ အဲ့တော့ လက်ရှိ ထွက်လာတဲ့ ၀န်ကြီးဌာနတွေလည်း အတည်ဖြစ်ပြီ။ လူတွေလည်း ကြားရပြီ။ အဲ့တော့ တကယ်တမ်း ကျစ်လျစ်ပြီး ထိရောက်တဲ့ အစိုးရတခုဖြစ်ဖို့ ဘာတွေ လုပ်ဆောင်သင့်တယ်။ ဘာတွေ မျှော်လင့်သင့်လဲ။ ဆရာတင်မောင်သန်းက စပြီးတော့ သုံးသပ်ပေးပါအုံးခင်ဗျ။ ဦးတင်မောင်သန်း (အယ်ဒီတာ၊ ယခင်သင့်ဘ၀မဂ္ဂဇင်း) "အမှန်ကတော့ ပထမဆုံး ခြေလှမ်းလို့ ပြောရမှာပေါ့။ အခုလို ၀န်ကြီးဌာနတွေ ပြန်လည် ပေါင်းစည်းလိုက်တယ် ဆိုတာက၊ ကျစ်လျစ်ပြီးတော့ ၀န်နဲ့အား မျှတယ်လို့ ပြောရမှာပေါ့။ Efficiency ဆိုတာကတော့။ အဲ့ဒါကို ပြောဖို့ဆိုရင်တော့ ဘယ်လိုဝန်ဆောင်မှုတွေကို ပြည်သူလူထုကို ပေးမှာလဲဆိုတဲ့ ပြန်လည်စဉ်းစား သတ်မှတ်ဖို့ လိုပါလိမ့်မယ်။ အဲ့ဒီပေါ်မှာ မူတည်ပြီးတော့ ဌာနတွေကို ဘယ်လို ပြန်ဖွဲ့စည်းမလဲ၊ ၀န်ထမ်းတွေကို ဘယ်လို ပြန်ဖွဲ့စည်းမလဲ၊ အဲ့ဒီ ၀န်ဆောင်မှုကို ပေးဖို့အတွက် တဦးချင်းအဆင့်တွေမှာ ဘယ်လိုအလုပ်တွေကို လုပ်ရမလဲ ဆိုတာတွေက စပြီး ပြန်လည်ဖော်ထုတ် သတ်မှတ်ဖို့ လိုတယ်ပေါ့နော်။ ပထမဦးဆုံးကတော့ အဲ့ဒါတွေရဲ့ ရှေ့ဆုံးမှာ ကျတာကတော့ ဘယ်ဟာက အစိုးရရဲ့ အလုပ်လဲ၊ ဘယ်ဟာက အစိုးရရဲ့ အလုပ်မဟုတ်ဘူးလဲ ဆိုတာ သတ်မှတ်ဖို့လိုတယ်။ နားလည်ချက်မှာ ဥပမာအားဖြင့် အင်္ဂလိပ်လို ပြောရင်တော့ Public Works ပေါ့နော်။ ဒီ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အလုပ်ဆိုတာက ဘာလဲပေါ့။ ဥပမာအားဖြင့် အရင်အစိုးရ လက်ထက်မှာဆိုရင် ပြည်တွင်းရေကြောင်းဆိုပြီးတော့ လုပ်ခဲ့တယ်။ သင်္ဘောတွေသွင်းတယ်။ ရေကြောင်းမှာ သယ်ယူပို့ဆောင်ရေးတွေ လုပ်တယ်။ လက်မှတ်တွေ ရောင်းတယ်။ ခရီးသည်တွေ ပို့တယ်ပေါ့။ ဒါက အစိုးရရဲ့အလုပ်လား။ ပုဂ္ဂလိကကော မလုပ်နိုင်ဘူးလား။ မြစ်ကြောင်းထိန်းသိမ်းရေးလို လုပ်ငန်းကျတော့ ပုဂ္ဂလိကက လုပ်နိုင်သလား။ ဒါက စဉ်းစားဖို့ လိုတယ်ပေါ့နော်။ တချို့နေရာတွေမှာ ပုဂ္ဂလိက လုပ်နိုင်တဲ့၊ ပြည်သူလူထု တယောက်ချင်းက လုပ်နိုင်တယ် ဆိုတဲ့ အလုပ်တွေက အစိုးရအလုပ် မဟုတ်ဘူးလို့ ယေဘုယျအားဖြင့် နားလည်လို့ရတယ်။ တဦးချင်းကလည်း မလုပ်နိုင်ဘူး၊ ပုဂ္ဂလိက ကလည်း မလုပ်နိုင်ဘူးဆိုတဲ့ အလုပ်တွေကတော့ အစိုးရရဲ့ အလုပ်ပေါ့နော်။ ဒီနေရာမှာ ပုဂ္ဂလိကလို့ ပြောတဲ့အခါမှာလည်း ကမ္ဘာကြီးကို ဖွင့်လိုက်ပြီဆိုတဲ့ အခါကျတော့ ပုဂ္ဂလိကဆိုတာက နိုင်ငံခြားမှာက တော်တော်ကြီးမားတဲ့ အလုပ်ကြီးတွေကိုတောင် လုပ်နိုင်လာတာကို တွေ့ရတယ်ပေါ့နော်။ ဒီတော့ ဘယ်စည်းကို ဘယ်လိုသတ်မှာလဲပေါ့နော် နံပါတ် ၁ က။ ဒါက တခုလုံးအနေနဲ့ စဉ်းစားရမယ်။ စဉ်းစားပြီးတဲ့အခါမှာ ဘယ်ဝန်ဆောင်မှုကို ပေးမှာလဲ။ အဲ့ဒီဝန်ဆောင်မှုကို ပေးဖို့အတွက် ဘယ်လို ဖွဲ့စည်းမှာလဲ ဆိုတာကို ပြန်လည်သုံးသပ်ရမယ်။ ဒါကတော့ ယေဘုယျ ၂ ချက်လို့ ပြောရမှာပေါ့နော်။" ဦးတိုးဇော်လတ် ဆရာဇေယျာသူ အနေနဲ့ သမ္မတ ဦးထင်ကျော်က ပြောပါတယ်။ ၀န်ကြီးတွေ ကျစ်ကျစ်လျစ်လျစ် လုပ်လိုက်တော့ ဘဏ္ဍာငွေတချို့ သက်သာတာပေါ့။ အဲ့လိုပဲ ၀န်ကြီးစာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါလာတယ်။ အဲ့တော့ ဒီအစိုးရက တကယ်ပဲ ကျစ်လျစ်ပြီးတော့ ထိရောက်မယ့်၊ စောစောက ဆရာတင်မောင်သန်း ပြောတဲ့ ဘယ်တာဝန်တွေကို၊ ဘာတွေ မျှော်လင့်လို့ရမလဲ၊ ဘယ်နေရာတွေကို စောင့်ကြည့်ရမလဲ ဆိုတာလေးကို ဖြည့်စွက်ပြီးတော့ သုံးသပ်ပေးပါဦးခင်ဗျ။ ဇေယျာသူ (ဒု-အယ်ဒီတာချုပ်၊ The Voice ဂျာနယ်) "မြန်မာပြည်မှာ Private Sector ပေါ့၊ ပုဂ္ဂလိက ကဏ္ဍက ကြီးထွားလာပြီဆိုရင် တကယ်တမ်းတော့ ကျနော်တို့  အစိုးရယန္တရားကို မှီခိုနေရတုန်းပဲ။ မှီခိုနေရတုန်းပဲ ဖြစ်တဲ့အတွက် အခု အန်အယ်လ်ဒီက တက်လာတဲ့ အစိုးရအသစ်က မြန်မာနိုင်ငံကို အောင်မြင်အောင်လုပ်မယ်၊ တိုးတက်အောင်လုပ်မယ်ဆိုရင် အစိုးရယန္တရားက အောင်မြင်မှပဲ သူက အောင်မြင်မှာ။ စစချင်း သူက ခုနကလို ငါးကြင်းခေါင်း စကိုင်တာပေါ့လေ။ ဒီ Restructuring ဆိုပြီးတော့ ၀န်ကြီးဌာန စဖွဲ့စည်းလိုက်တာ ဒါ သူ့ရဲ့ ပထမဦးဆုံး Reform Act ပဲပေါ့။ ဒါ သူ့ရဲ့ ပထမဦးဆုံး ပြုပြင်ပြောင်းလဲရေး စလိုက်တာပဲပေါ့။ ဘာတွေ့ရလဲဆိုတော့ ၀န်ထမ်းအရေအတွက်ကတော့ လျော့သွားမှာ မဟုတ်ဘူးပေါ့။ ဘာပဲလျော့သွားလဲဆိုတော့ ၀န်ကြီးအရေအတွက် လျော့သွားတယ်။ ပြီးတာ့ ဌာနတွေက ပေါင်းလိုက်တယ်။ ပေါင်းလိုက်တော့ အရင်ရှိနေတဲ့ ဌာနတချို့ကို စုလိုက်တယ်။ စုလိုက်တဲ့ အခါကျတော့ သူက ဘာတော့ သေးသွားလဲဆိုတော့ လူကတော့ နည်းမသွားဘူး၊ ၀န်ကြီးတွေလောက်ပဲ လျော့သွားတယ်။ ပမာဏ မလျော့သွားဘူး။ အစိုးရ Structure ကြီး တကယ် လျော့မသွားဘူး။ ပေါင်းလိုက်တာပဲရှိတယ်။ တချို့ ၀န်ကြီးဌာနတွေက ၀န်ကြီးဌာနတခုရဲ့အောက်မှာ သူက ဦးစီးဌာနလိုဟာမျိုး ဖြစ်သွားမယ်ဆိုတဲ့ သဘောမျိုး မြင်ရတယ်။ မြင်ရတဲ့အခါကျတော့ ကျနော်တို့က ဘာသွားတွေ့ရလဲဆိုတော့ အခု ၀န်ကြီးအသစ်တွေက စစလုပ်ရမယ့် အလုပ်က သူ ၀န်ကြီးဌာနအကြောင်းကို မသိခင်မှာပဲ ၀န်ကြီးဌာနကို ပြုပြင်ပြောင်းလဲရမယ်ဆိုတဲ့ ပြိုင်တူ ၂ ခု လုပ်နေရတယ်။ ကျနော်တို့ နားလည်တာက ၀န်ကြီးဌာနအကြောင်းကို သိပြီးမှ ပြုပြင်ပြောင်းလဲရမယ်။ အခုကျတော့ သူက ၂ ခုလုပ်ရမယ်။ ၀န်ကြီးဌာနအကြောင်းကို သိအောင်လုပ်ရမှာ ဖြစ်သလိုမျိုး တခါတည်း အဲ့ဒီဌာနကိုလည်း ပြုပြင်ပြောင်းလဲရေးကို သူက ပြိုင်တူလုပ်နေရမှာဖြစ်တယ်။ အဲ့ဒါ တချက်ပေါ့နော်။" ဦးတင်မောင်သန်း (အယ်ဒီတာ၊ ယခင်သင့်ဘ၀မဂ္ဂဇင်း) "ယေဘုယျအားဖြင့်တော့ သိအောင်တော့ လုပ်လိမ့်မယ်လို့ ကျနော်ထင်တယ်ဗျ။ အလုပ်တူနေတာတွေက ဘာတွေလဲဆိုတာကို ပထမဆုံး ရှာရမှာပေါ့နော်။ ရှာပြီးတဲ့အခါကျမှ အလုပ်တူနေတဲ့ အလုပ်ကို တခုတည်းပဲ လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မို့ အဲ့ဒီလူတွေကိုတော့ လျှော့တဲ့သဘောဆိုတော့ ကျနော်ထင်တယ်။ ရှာလိမ့်မယ်လို့တော့ ကျနော်ထင်ပါတယ်။" ဦးတိုးဇော်လတ် ပြောင်းလဲချိန်တန်ပြီဆိုတာက အန်အယ်လ်ဒီရဲ့ Slogan ပါ။ အဲ့တော့ သူက အစိုးရပြောင်းတယ်၊ ကက်ဘိနက် ပြောင်းတယ်။ အဲ့လိုပဲ အလုပ်တွေလည်း ပြောင်းရတော့မှာပေါ့နော်။ အဲ့တော့ တကယ်တမ်းကျတော့ ဦးသိန်းစိန် လက်ထက်ကလည်း သူ Administrative Reform တို့၊ Third Wave တို့ အမျိုးစုံလုပ်ခဲ့တယ်။ တကယ်တမ်းကျတော့ ဒီ Public Sector ကြီးတခုလုံး Reform လုပ်ဖို့၊ ဒီဝန်ကြီးတွေက ပိုပြီးတော့လည်း စွမ်းရည်တော့ ရှိရမယ်။ တကယ်တမ်း ထိရောက်ပြီးတော့ အလုပ်ဖြစ်မယ့် Public Sector Reform မျိုးဆိုရင် ဘယ်လိုဟာတွေတော့ အဓိက ဦးစားပေးပြီး Adjust လုပ်သင့်သလဲ။ ဆရာလည်း ဒီဟာတွေကို လေ့လာခဲ့ဖူးတော့ အဲ့ဒါလေးကို ဖြည့်စွက်ပြီးတော့၊ သုံးသပ်ပေးပါဦးခင်ဗျ။ ဦးတင်မောင်သန်း (အယ်ဒီတာ၊ ယခင်သင့်ဘ၀မဂ္ဂဇင်း) "ယေဘုယျအားဖြင့်တော့ အပြောင်းအလဲဆိုတာ အသစ်ကို သွားတာပေါ့နော်။ ကျနော်တို့ မရှိဘူးတဲ့၊ မသိသေးတဲ့ နယ်ပယ်တခုထဲကို ၀င်လိုက်တာပေါ့နော်။ အဲ့လို ၀င်လိုက်တဲ့အချိန်မှာ ကျနော်တို့ အမြဲတမ်း သင်ယူဖို့ လိုအပ်တယ်။ အင်္ဂလိပ်လိုတော့ Learning လို့ပြောတယ်။ ကျနော်ကတော့ သင်ယူတယ်ဆိုတာထက် Learning ကို အသံဖလှယ်ပြီးတော့ လမ်းနင်းတယ် ဆိုတာကို ကျနော်က ပိုပြီး ကြိုက်တယ်။ အဲတော့ လမ်းနင်းသွားတာကပဲဗျ ပြောင်းလဲတယ်ဆိုတာ။ အဲတော့ လမ်းနင်းဖို့ လိုအပ်တယ်။ လမ်းနင်းဆိုတဲ့ သဘောကိုက ဖော်ထုတ်တာပေါ့နော်။ ဒါ အခု ဖော်ထုတ်ဖို့အတွက်ဆိုရင် ပထမဆုံး အရေးကြီးဆုံးကတော့ ကြိုကာတဲ့ ပတ်ဝန်းကျင်ကို စီမံခန့်ခွဲနိုင်ဖို့ လိုတယ်။ အခုအချိန်မှာ လူတွေအားလုံးဟာ မိမိအလုပ်ကို မလုပ်ဘူး။ အောက်က တစုံတခုများ ဖြစ်နိုင်ခဲ့ရင် ငါ့အပြစ်လွတ်အောင်ဆိုပြီး ကြိုကာနေတဲ့ ပတ်ဝန်းကျင်ကြီး တခုလုံးက ဒီ အစိုးရယန္တရားကြီး တခုလုံးမှာ ရှိနေတယ်။ ခေါင်းဆောင်တွေက အဲ့ဒီအချက်ကို သဘောပေါက်ပြီးတော့ အဲ့ဒီလို ကြိုကာတာမျိုး မဖြစ်တဲ့ ခြေလှမ်းတွေကို လှမ်းဖို့သည် နံပါတ် ၁ အရေးကြီးဆုံးလို့ ကျနော်ထင်တယ်။ မဟုတ်ရင် ၀န်ထမ်းတွေက ကိုယ်ထူကိုယ်ထနဲ့ လုပ်ချင်ကိုင်ချင်စိတ် ပေါ်လာအောင် ဆောင်ရွက်ဖို့က အင်မတန်ခက်လိမ့်မယ်။ ဒါကြီးက စနစ်ထဲမှာ အမြစ်တွယ်နေတာ တော်တော်ကြီးကြီးမားမား ရှိနေတဲ့ အတွက်ကြောင့်မို့လို့၊ ဒီဟာကို ဘယ်လိုနည်းနဲ့ ငါကိုင်တွယ်မလဲ ဆိုတာကို ပထမဆုံး တက်လာတဲ့ ၀န်ကြီးတွေအတွက် အဓိက စိန်ခေါ်ချက် ဖြစ်လိမ့်မယ်လို့ ကျနော်ထင်တယ်။" ဦးတိုးဇော်လတ် ကိုဇေယျာသူကိုလည်း ကျနော်မေးပါမယ်။ တကယ်တမ်းတော့ အခု လူတော့ နည်းသွားတယ်ဆိုတာ ၀န်ကြီးတွေပဲ နည်းသွားတာ။ ဌာနတွေတော့ အများကြီး ကျန်ခဲ့တယ်။ ဥပမာ ၀န်ကြီးဌာန မရှိတော့တဲ့ သမ၀ါယမ ၀န်ကြီးဌာနဆိုရင် ချေးထားတဲ့ ပိုက်ဆံတွေကလည်း ရှိတယ်။ လူတွေကလည်း ရှိဦးမယ်။ အဲ့ဒါကို နောက်တက်မယ့် အစိုးရက Publilc Sector Reform ထိ သွားမယ်ဆိုရင် ဘာတွေ လုပ်ဖို့လိုမလဲ၊ အဓိက ဘယ်နေရာတွေကို သွားရမလဲ။ အဲ့ဒါလေးကို ဖြည့်စွက် ဆွေးနွေးပေးပါဦးခင်ဗျ။ ဇေယျာသူ (ဒု-အယ်ဒီတာချုပ်၊ The Voice ဂျာနယ်) "အဓိကကတော့ သူက ၀န်ကြီးတွေက ဌာနကလည်း ကြီးသွားတယ်။ ၀န်ကြီးအရေအတွက်ကလည်း လျော့သွားတယ် ဖြစ်တဲ့အတွက် ဒီဝန်ကြီးတွေက အရင် ၀န်ကြီးတွေရဲ့ စွမ်းဆောင်ချက်ကို မီအောင် လုပ်ဖို့ဆိုရင် အရင်ဝန်ကြီးတွေထက် ၂ ဆ၊ ၃ ဆ သူက အလုပ်ပိုလုပ်ရလိမ့်မယ်။ အဲ့ဒီအခါကျတော့ ဘာဖြစ်ဖို့လိုလဲဆိုတော့ အရည်အချင်းလည်း ရှိဖို့လိုတယ်။ ပြီးတော့ ကိုယ့်ရဲ့အချိန်ကို သူက စီမံခန့်ခွဲတတ်ဖို့လည်း လိုတယ်။ အဲဒါလေး တခုကတော့ ဒါ ပထမဆုံး ကျနော်တို့ သွားတွေ့တယ်။ နောက်တခုကတော့ ဘာလဲဆိုတော့ ဒီဌာနထဲမှာ ဌာနအကြောင်းကို သိတဲ့လူတွေရှိတယ်။ အဲ့လိုလူတွေက တချို့က အကြောင်းအမျိုးမျိုးကြောင့် အရင်တုန်းက မပြောရဲ မဆိုရဲနဲ့ ဖြစ်ခဲ့တာလည်းရှိတယ်။ အဲ့ဒါတွေကို ကျနော်တို့က ပြောရဲ ဆိုရဲလာအောင် လုပ်ရမယ်။ အဲ့ဒါဆိုရင် Information အသစ်တွေ တက်လာရင် ဒါက Reform လုပ်လို့ရတယ်။ နောက်တခုကတော့ အရည်အချင်းရှိတဲ့လူ ရှေ့တက်လာအောင် Incentive ပေါ့နော်၊ မက်လုံးပေးနိုင်ရမယ်။ အဲ့ဒီ ၃ ခုလောက် လုပ်နိုင်ရင် ဒါက ပထမ ၃ လ၊ ၄ လ၊ ၅ လလောက် လည်သွားမယ်။ လည်သွားရင်းနဲ့မှ ကျနော်တို့က အဖြေတွေ့သွားပြီးတဲ့ အခါကျတော့မှ ဆက်ပြီးတော့ ပြောင်းရမှာ ဖြစ်တယ်ပေါ့နော်။" ဦးတိုးဇော်လတ် နောက်တပတ်လောက်ဆိုရင် ဘာပဲပြောပြော အစိုးရသစ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရ ဖြစ်လာတာပေါ့နော်။ အဲ့တော့ ဒေါ်အောင်ဆန်းစုကြည်က လောလောဆယ် လေးနေရာလောက်ပဲ ယူမယ်ဆိုတဲ့ ပုံစံမျိုးတွေလည်း ထွက်နေတယ်။ တကယ်ကော ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး တကယ့် စောစောက ပြောတဲ့ ကျစ်လျစ်ပြီး ထိရောက်တဲ့ဟာမျိုး လုပ်နိုင်ပါ့မလား။ သူကိုယ်တိုင်ကော ဒီကြားထဲမှာ အစိုးရအဖွဲ့ကို တကယ်ဦးဆောင်ပြီး ရှေ့ကို ဆက်လှမ်းနိုင်ပါ့မလား ဆိုတာလည်း ဆရာ ဖြည့်စွက်ပြီးတော့ ပြောပြပေးပါဦးခင်ဗျ။ ဦးတင်မောင်သန်း (အယ်ဒီတာ၊ ယခင်သင့်ဘ၀မဂ္ဂဇင်း) "ဒေါ်အောင်ဆန်းစုကြည် အနေနဲ့တော့ လုပ်နိုင်လိမ့်မယ်လို့ ထင်တယ်။ ခေါင်းဆောင်ဆိုတဲ့အပေါ် နားလည်ချက်အရ ပြောမယ်ဆိုရင်ပေါ့နော်။ ဒါပေမယ့် အကောင်အထည်ဖော်ကြမယ့် လူတွေက ခေါင်းဆောင်ကို အဲ့ဒီလို နားလည်တာ ဟုတ်ရဲ့လားဆိုတဲ့ ပြဿနာ တခုတော့ရှိတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျနော်တို့ စနစ်ကြီးတခုလုံးက ညွှန်ကြားရေးမှူးချုပ် အဆင့်က စပြီးတော့ မိမိကိုယ်တိုင် စဦးလုပ်ဆောင်မယ် ဆိုတာထက် သူ ဘယ်လို အမိန့်ပေးမလဲဆိုတဲ့ အပေါ်မှာ မူတည်တဲ့ စနစ်မှာ အသားကျခဲ့တာ တော်တော်များနေပြီပေါ့နော်။ တကယ်လို့ ဒီ ၄ ဌာနလုံးကို ကိုင်တယ်။ ဒါမှမဟုတ် ၄ ဌာန မဟုတ်ဘဲနဲ့ပေါ့၊ ၃ ဌာန၊ ၂ ဌာနပဲ ဖြစ်ဖြစ်ပေါ့နော်၊ ခေါင်းဆောင်မှုအနေနဲ့ ပေးရတာကတော့ ကျနော်ထင်တယ် ပြဿ နာမရှိဘူးလို့ ထင်တယ်။ ခေါင်းဆောင်မှုပေးနေတဲ့ ခေါင်းဆောင် ပြောလိုက်တဲ့ စကားကို အဓိပ္ပာယ်ကောက်ပြီးတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကောင်အထည် ဖော်ဖို့ကတော့ အစိုးရရဲ့ ယန္တရားက လုံလောက်တဲ့ အခြေအနေ ရှိသလား။ အဲ့ဒီလို ရှိလာဖို့အတွက် ဘယ်လိုဖန်တီးမလဲ ဆိုတာကိုက ကျနော်ထင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်အတွက် စိန်ခေါ်ချက်ကြီးတခု ဖြစ်လိမ့်မယ်လို့ ထင်တယ်။" ဦးတိုးဇော်လတ် နောက်တခုကလည်း ကျနော်တို့ အရင်တုန်းကတော့ စစ်တပ်နဲ့ပတ်သက်တဲ့ စီးပွားရေးတချို့ ရှိပါတယ်။ အကျိုးအမြတ်တွေပေါ့နော်။ အထူးသဖြင့် သတ္တုတွင်းတို့၊ သစ်တောကဏ္ဍတို့၊ အဲ့ဒါတွေက အခုထဲမှာတော့ မပါတော့ဘူး။ အကုန်ရောလိုက်ကြတယ်။ အဲ့အပေါ်မှာကော နောက်တက်မယ့် အစိုးရနဲ့ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးမှာကော ဘယ်လိုမျိုး ဆက်ပြီးတော့ စစ်တပ်က တကယ့်ကို တက်တက်ကြွကြွ ပါလာနိုင်အောင်၊ ဒီ အသစ်တက်မယ့် ကက်ဘိနက်နဲ့ ပါလာနိုင်အောင် ဘာတွေများ ညှိနှိုင်းမှုတွေ၊ အပေးအယူမှုတွေ လုပ်သင့်လဲဆိုတာကို ဆရာ ဇေယျာသူ နည်းနည်းလောက် ပြောပါဦးခင်ဗျ။ ဇေယျာသူ (ဒု-အယ်ဒီတာချုပ်၊ The Voice ဂျာနယ်) "တပ်ကတော့ ကြိုပြင်ထားပုံရတယ်။ သူ့မှာ ကြိုပြင်နိုင်လောက်တဲ့ အဖွဲ့အစည်းကလည်း ရှိတာကိုး။ အဲ့ဒီအခါကျတော့ ဘာသွားတွေ့လဲဆိုတော့ ၀င်ငွေခွန်ကောက်တဲ့ အခါကျတော့ ၀င်ငွေခွန် အများဆုံးပေးဆောင်တဲ့ စာရင်းမှာ ၁ ကနေ ၅ အတွင်းမှာက တပ်က ၃ ခု ပါလာတယ်။ မြ၀တီ ထရေးဒင်းရယ်၊ မြ၀တီဘဏ်ရယ်၊ နောက်ပြီးတော့ UMEHL ပေါ့နော်၊ ဒီ ဦးပိုင်ပါလာတယ်။ ဆိုလိုတာက ဘာလဲဆိုတော့ သူတို့ကလည်း ခုနကလို တခြားလူတွေလို လိုက်နာဖို့၊ ကြိုးစားနေပြီ ဆိုတဲ့ဟာပေါ့နော်။ အဲ့ဒါ တခုသွားတွေ့တယ်။ နောက်တခုကတော့ ဘာဖြစ်ပြန်လဲဆိုတော့ တပ်အနေနဲ့က သူ့ရဲ့ အရင်တုန်းက ရခဲ့တဲ့ ပြည်သူလူထု ထောက်ခံမှု ပြန်ရဖို့ဆိုရင်  ဒီမိုကရေစီစနစ်မှာ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေတယ်ဆိုတာရယ်။ နောက်တခုက  The Standard Army ပေါ့နော်။ ဒါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စကားလည်းဖြစ်တယ်။ Standard Army ဆိုတာကတော့ဗျာ ခုနကလို ပုံမှန် တပ်မတော်ပေါ့။ ဒီ အုပ်ချုပ်ရေးတို့၊ ဘာတို့မှာ ၀င်စွက်တာ မဟုတ်ဘဲနဲ့ ပုံမှန်တပ်မတော်၊ အဆင့်အတန်းမြင့်တဲ့ တပ်မတော် ဖြစ်အောင် ကြိုးစားနေတယ်ဆိုတာ။ အဲ့ဒါတွေက ဘာနဲ့ သွားကိုက်နေလဲဆိုတော့ အခု ဒီ အစိုးရနဲ့ ကျနော်တို့က ပူးပေါင်းဆောင်ရွက်ပြီးတော့ သူက နိုင်ငံကို တိုးတက်အောင်လုပ်မယ်ဆိုရင် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အများနည်းတူပေါ့နော်။ ဥပမာ ပုဂ္ဂလိက ကုမ္ပဏီတွေနည်းတူ လိုက်နာနိုင်တယ်ဆိုရင် ဒါက သူ့အတွက်ကလည်း ကောင်းတယ်။ ပြောရမယ်ဆိုရင် ဒါက ကျနော်တို့ Win, Win ပေါ့။ အဲ့အခါကျတော့ အန်အယ်လ်ဒီက တင်မြှောက်တဲ့ အစိုးရပေါ့လေ။ အန်အယ်လ်ဒီက တင်မြှောက်တဲ့ အစိုးရထဲမှာလည်း တပ်က ဗိုလ်ချုပ်အဟောင်းတွေ ပါနေတယ်။ ပြီးတော့ အခုလက်ရှိပေါ့နော်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နာမည်တင်တဲ့ လက်ရှိဗိုလ်ချုပ်တွေကလည်း ပါနေတယ်။ ပါနေတဲ့ အခါကျတော့ ဒါက အရမ်းကြီးတော့ ခုနကလို စိမ်းသွားတဲ့ဟာမျိုးတော့ မဟုတ်ဘဲနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေးက ကက်ဘိနက်ထဲမှာတင် ကျနော်တို့က ရနေတာ သွားပြီးတော့ တွေ့ရတယ်။ အဲ့အခါကျတော့ ကျနော့်အနေနဲ့ကတော့ နောက် ၁ နှစ်လောက်နေရင် ဒီ့ထက်ပိုပြီးတော့ Trust ပေါ့နော်၊ တပ်နဲ့ အရပ်နဲ့ပဲဖြစ်ဖြစ်၊ တပ်နဲ့ အစိုးရကြားထဲပဲ ဖြစ်ဖြစ်ပေါ့၊ ဒါက သူတို့ကိုယ်တိုင်လည်း အစိုးရတပိုင်း ဖြစ်နေတဲ့အတွက် ယုံကြည်မှုတက်လာရင် တချို့ ခက်ခဲတဲ့အလုပ်တွေ လုပ်ရတာ ပိုပြီးလွယ်လာမယ်ပေါ့နော်။ ကျနော်တော့ အဲ့ဒီလိုမြင်တယ်။" ဦးတိုးဇော်လတ် နောက်ထပ် ဒီ ၀န်ကြီး၊ အစိုးရ ကက်ဘိနက်အသစ်မှာ ထူးခြားတာ တခုကတော့ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန ထားတယ်။ အရင်တုန်းက လွှတ်တော်မှာ ဆုံးဖြတ်ချက်ပဲရှိတယ်။ သေချာမလုပ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အမျိုးသားရင်ကြားစေ့ရေး အစိုးရ ထူထောင်မယ်လို့ ပြောထားတယ်ပေါ့နော်။ အဲ့ဒီတော့ ဒီတိုင်းရင်းသားဝန်ကြီးကို မွန်တယောက်ကို ပေးတယ်။ အဲ့ပေါ်မှာကော တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့၊ တကယ့်ကို ဘယ်လိုကိစ္စတွေ ရလာနိုင်မလဲ။ နောက်တခုကတော့ ဘယ်လို စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ့။ အဲ့ဒါနဲ့ ပတ်သက်လို့ ဒီ ၀န်ကြီးဌာနအနေနဲ့ ထားတဲ့အတွက် ဘာတွေများ ထပ်ပြီးတော့ ရရှိလာနိုင်လဲ ဆိုတာကို ဆရာ နည်းနည်းလောက် ဖြည့်စွက် ပြောပြပေးပါဦးခင်ဗျ။ ဦးတင်မောင်သန်း (အယ်ဒီတာ၊ ယခင်သင့်ဘ၀မဂ္ဂဇင်း) "တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနကတော့ တိုင်းရင်းသားတွေ အကုန်လုံးရဲ့ အရေးကိစ္စအတွက် သူက ဆောင်ရွက်ပေးရမယ့် တာဝန်ရှိတယ်လို့ ကျနော်တော့ ဒီလိုမျိုး နားလည်တယ်ပေါ့နော်။ အဲ့တော့ ဘာတွေကို ဆောင်ရွက်မလဲ၊ ဘယ်လိုချဉ်းကပ်မလဲ ဆိုတာကတော့ ၀န်ကြီးဌာန အသစ်ဖြစ်တဲ့ အတွက်ကြောင့်မို့ တက်ရောက်လာတဲ့ ၀န်ကြီးက တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ သတ်မှတ်ရမယ်လို့ ထင်တယ်။ ဘယ်နေရာတွေကို အာရုံစိုက်မလဲ။ ဒါကတော့ ခေါင်းဆောင်တွေ အားလုံးရဲ့ လိုလားချက်ပေါ်မှာ မူတည်ပြီး လုပ်ရလိမ့်မယ်လို့ ကျနော်ထင်တယ်။ အခုချိန်မှာတော့ နည်းနည်းပြောဖို့ စောလိမ့်မယ်လို့ ထင်တယ်။ ဘာလို့ဆိုတော့ ခန့်လိုက်တဲ့ ၀န်ကြီးနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ဟာကို ကျနော်တို့ မတွေ့ရသေးဘူးပေါ့လေ။ ဒါကြောင့်မို့ နည်းနည်း စောလိမ့်မယ်ထင်တယ်။" ဦးတိုးဇော်လတ် ဟုတ်ကဲ့ခင်ဗျ။ ကိုဇေယျာသူကိုလည်း ဒါပဲမေးပါမယ်။ အန်အယ်လ်ဒီမှာ သူတို့ အမျိုးသားရင်ကြားစေ့ရေး National Unity Government နဲ့၊ Unitinal Reconcilation Government ဆိုတဲ့ အာဂျင်ဒါရှိတယ်။ အခုလို တိုင်းရင်းသားဌာန ထားလာတယ်။ အဲ့ပေါ်မှာကော တကယ်တမ်း ကျနော်တို့ စောစောက အမျိုးသားရင်ကြားစေ့ရေး၊ အထူးသဖြင့် တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေး ဘယ်လောက်ထိ နီးစပ်သွားနိုင်တယ်၊ ဘာတွေပိုပြီးတော့ မျှော်လင့်လို့ရသလဲ ဆိုတာကို နောက်ဆုံးအနေနဲ့ သုံးသပ်ပေးပါဦးခင်ဗျ။ ဇေယျာသူ (ဒု-အယ်ဒီတာချုပ်၊ The Voice ဂျာနယ်) "အန်အယ်လ်ဒီ လွှတ်တော် စခန့်ကတည်းက လွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ နှစ်ယောက်။ ပြီးတော့ အထက်လွှတ်တော်၊ အောက်လွှတ်တော်။ အဲ့ဒါမျိုး ပေါင်းလိုက်တဲ့အခါကျတော့ လေးယောက်။ အဲ့ဒီလေးယောက်က တိုင်းရင်းသားလေးမျိုးက စဖြစ်နေပြီ။ ကက်ဘိနက်ထဲမှာလည်း ဦးထင်ကျော်ကစလို့ ကျနော်တို့က တိုင်းရင်းသားပေါင်းစုံပါနေတာ တွေ့ရတယ်။ အဲ့ဒီအခါကျတော့ ခုနကလို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာကတော့ နဂိုတည်းက ပါပြီးသားပေါ့နော်။ အဲ့တော့ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန ပေါ်လာတယ်။ ဒါက ရှိသင့်သလား၊ မရှိသင့်ဘူးလား တချို့ကပြောကြတယ်။ ကျနော့်အနေနဲ့ကတော့ နာမည်အနေနဲ့ကကို ရှိသင့်တယ်။ ဒါက Sample အနေနဲ့ပေါ့နော်။ အနည်းဆုံး Sample အနေနဲ့ကတော့ ပါနေတယ်။ ဒါပေမယ့် နောက်တခု စိတ်ဝင်စားစရာက ဘယ်သူကိုင်မှာလဲပေါ့နော်။ ခုနက ဆရာတင်မောင်သန်းလည်း ပြောတယ်၊ ဘယ်သူကိုင်မှာလဲ။ အဲ့ဒါက အရေးကြီးတယ်။ နောက်တခုကတော့ သူ့ရဲ့ JD ပေါ့နော် Job Description၊ ဒီ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနက ၀န်ကြီးက ဘာတွေလုပ်ရမှာလဲ။ တချို့ဟာတွေက Overlap ဖြစ်ရင်ဖြစ်နေမယ်။ ဥပမာ နယ်စပ်ရေးရာ ၀န်ကြီးဌာနဆိုတာလည်း ရှိနေတယ်။ သူကကော ဘာတွေလုပ်နေတာလဲ။ နောက်ပြီး ခုနကလို သမ္မတရုံးဆိုတာကလည်း ငြိမ်းချမ်းရေးတို့ ဘာတို့က ဒါ Priority လို့ ဦးစားပေးလို့ ပြောထားတဲ့ အခါကျတော့၊ ငြိမ်းချမ်းရေးထဲမှာလည်း တိုင်းရင်းသားရေးတွေက ပါနေပြန်ရော။ ပြီးရင် အခု ဒီ ငြိမ်းချမ်းရေး ဖော်ဆောင်မှုက ရှိနေတယ်။ အန်စီအေတို့ ဘာတို့။ အဲ့ဒါတွေကလည်း ဒေါ်အောင်ဆန်းစုကြည်လည်း ငြိမ်းချမ်းရေးညီလာခံ ဖွင့်ထားတော့ သူက ပြောထားခဲ့တဲ့ ဟာတွေကလည်း ရှိနေတော့၊ ပြောရမယ်ဆိုရင် ဒီတိုင်းရင်းသားရေးရာ ၀န်ကြီးဌာန တခုတည်းကလည်း တိုင်းရင်းသားရေးရာကို လုပ်မှာမဟုတ်ဘူး ဆိုတာကို သွားတွေ့နေရတယ်။ အဲ့ခါကျတော့ သူ့ရဲ့ JD (Job Description) ပေါ့၊ ဒီ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနက ဘာလုပ်မှာလဲ။ ၀န်ကြီးအနေနဲ့ ဘာအာဏာတွေ ရှိမှာလဲ။ အဲ့ဒါတွေက ပိုစိတ်ဝင်စားစရာ ကောင်းလာတယ်။ ကျနော့် အမြင်တော့လေ။" ဦးတိုးဇော်လတ် ဟုတ်ကဲ့ခင်ဗျ။ အဲ့တော့ ကျစ်လျစ်ပြီးတော့ စွမ်းဆောင်ရည်ရှိတဲ့ အစိုးရတခု ဘာတွေ ဆက်လုပ်မလဲ ဆိုတာကတော့ စောင့်ကြည့်သွားမယ်လို့ ပြောရင်းနဲ့ ဒီနေ့စကားဝိုင်းကို အဆုံးသတ်လိုက်ပါတယ်ခင်ဗျ။
5 years Ago
Up