ကျင်စက်

April 24, 2018

လေယာဉ်ပေါ် နှောင့်ယှက်သည့် အမျိုးသားအား ရဲက ကျင်စက်ဖြင့်တို့ပြီး ဖမ်းဆီး (ရုပ်သံ)

လေယာဉ်ပေါ်မှာ တခြားစုံတွဲကို နှောင့်ယှက်တဲ့ အမျိုးသားတဦးကို လေယာဉ်ပေါ်က ဆင်းခိုင်းရာ ငြင်းဆန်ခဲ့တဲ့အတွက် ရဲတွေက ကျင်စက်နဲ့ အကြိမ်ကြိမ်တို့ပြီး ဖမ်းဆီးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ မီယာမီကနေ ဒဲလက်စ်မြို့ကိုသွားတဲ့ အမေရိကန်လေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် အေအေ-၂၂၄၆ ပေါ်မှာ ဧပြီ ၂၃ ရက် မနက်က ဖြစ်ခဲ့ပြီး လေယာဉ်မထွက်ခွာမီ ရဲတွေကို ခေါ်ခဲ့ရတာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အမျိုးသားဟာ သူ့ဘေးခုံက စုံတွဲကို အနှောင့်အယှက် ပြုပြီးတဲ့နောက် ထိုင်ခုံပြောင်းဖို့ ပြောခံခဲ့ရတယ်လို့ ခရီးသည်တဦးဖြစ်သူ ဂျာဘာရီအန်းနစ်စ်က ပြောလိုက်ပြီး “ဒီလူက ဘေးကစုံတွဲကို နှောင့်ယှက်တယ်။ အမျိုးသမီးကိုရိုက်ပြီး အမျိုးသားကို စော်ကားတယ်” လို့ ပြောပါတယ်။ နောက်ဆုံး နှောင့်ယှက်ခံရတဲ့ အမျိုးသားက လေယာဉ်မယ်ကိုခေါ်ပြီး အဲဒီအမျိုးသားကို နေရာပြောင်းပေးဖို့ ပြောခဲ့တာပါ။ လေယာဉ်မယ်က နှောင့်ယှက်သူ အမျိုးသား ပြောတာတွေကို နားထောင်ခဲ့ပေမယ့် အမျိုးသားက အကြောင်းမဲ့ ငြင်းခုန်ကာ နောက်ဆုံး အသံကျယ်ကျယ်နဲ့ လေယာဉ်မယ်အပါအဝင် တခြားသူတွေကိုပါ လူမျိုးရေးခွဲခြားမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လေယာဉ်ပေါ်က ခရီးသည်တွေ သည်းမခံနိုင်တော့ဘဲ လေယာဉ်ဝန်ထမ်းတွေကလည်း ဒီလူကို ဆင်းခိုင်းဖို့ ရဲကို ခေါ်ခဲ့ကြတာပါ။ ရုပ်သံထဲမှာတော့ အပြာရောင် ရှပ်အင်္ကျီအကွက်ဝတ်ထားတဲ့ နှုတ်ခမ်းမွှေးနဲ့ အမျိုးသားကို ရဲ ၂ ဦးက အတင်းဖမ်းချုပ်နေပြီး လက်နောက်ပြန် လက်ထိပ်ခတ်ပေမယ့် အမျိုးသားက ပြန်ရုန်းပြီး မေးခွန်းပြန်ထုတ်လို့ ရဲတွေက ကျင်စက်နဲ့တို့ပြီး ထိန်းချုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီလို ရုန်းရင်းဆန်ခတ်ဖြစ်မှုက ၁၅ မိနစ်လောက်ကြာပြီး တခြားခရီးသည်တချို့ကိုပါ ကျင်စက်နဲ့ တို့မိပေမယ့် ဘယ်သူမှတော့ ဒဏ်ရာမရရှိဘူးလို့ သိရပါတယ်။ မီယာမီလေဆိပ် အာဏာပိုင်တွေကို မှတ်ချက်ပေးဖို့ သတင်းဌာနက ချဉ်းကပ်ခဲ့တယ်လို့ သိရပြီး ဘယ်လိုမှတ်ချက်ပေးခဲ့တယ် ဆိုတာနဲ့ လေယာဉ်ပေါ် ကျင်စက်နဲ့တို့ပြီး ဆင်းခိုင်းခံရတဲ့ အမျိုးသားရဲ့အမည် ဘယ်သူဘယ်ဝါဆိုတာကိုတော့ သတင်းထဲမှာ ဖော်ပြထားခြင်း မရှိပါဘူး။
3 years Ago
Up