ကံမမြို့နယ်

January 15, 2022

ကံမမြို့နယ်တွင် အန်အယ်လ်ဒီ ဝန်းရံသူ ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

မကွေးတိုင်း၊ ကံမမြို့နယ်၊ ကြို့ပင်တိုက်နယ်မှာ အန်အယ်လ်ဒီပါတီကို ဝန်းရံခဲ့တဲ့ အရပ်သား ပြည်သူ အမျိုးသမီးနဲ့ အမျိုးသား စုစုပေါင်း ၆ ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပါတယ်။

ဇန်နဝါရီ  ၁၄ ရက်နေ့က ၃ ယောက်၊ ၁၅ ရက်နေ့မှာ ၃ ယောက်၊ စုစုပေါင်း  ၆ ယောက်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သူတို့ရဲ့ နေအိမ်‌တွေကနေ လာရောက်ဖမ်းဆီးသွားတာလို့  မိသားစုဝင်တွေထံက သိရပါတယ်။

မနေ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပုသိမ်- မုံရွာကားလမ်းပေါ်ရှိ ကြို့ပင်ကျေးရွာသားတွေဖြစ်တဲ့ ကြို့ပင်ကားဂိတ်အနီး ရွှေပန်းထိမ်လုပ်ငန်းလုပ်တဲ့  မမေလေး၊ ကားဂိတ်မှာ ကွမ်းယာရောင်းတဲ့ ကိုဝဏ္ဏ၊  လိုင်းကားဆွဲသူ ကိုမျိုးဇော်အောင်တို့ကို PDF ထောက်ပံ့ကူညီမှုစွပ်စွဲချက်နဲ့ ဖမ်းဆီးသွားပါတယ်။

ဒီကနေ့မှာလည်း ရွှေဧရာ ဆောက်လုပ်ရေးပစ္စည်းဆိုင်က မဌေးဌေးဝင်း၊ ကောင်းသစ်စံ စားသောက်ဆိုင်က ကိုဇော်ကြီးနဲ့  ကြို့ပင်ဈေးတန်းက ကိုဇော်လေးတို့ကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ကြို့ပင်ကျေးရွာသားတယောက်က “စစ်တပ်က NLD နဲ့ပတ်သက်တဲ့လူတွေကို PDF ထောက်ပံ့တယ်ဆိုပြီး လိုက်ဖမ်းနေကြတာ။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်က  ကြို့ပင်အုပ်ချုပ်ရေးမှူးအိမ် ဗုံးပေါက်ကွဲမှုဖြစ်ပြီး သံသယနဲ့ ဖမ်းဆီးခံထားရသူတွေ မလွတ်မြောက်သေးဘူး” လို့ ပြောပါတယ်။

မနေ့က စစ်ကောင်စီတပ်တွေ ရွာထဲဝင်ဖမ်းစဉ် တောတွေထဲကို တိမ်းရှောင်နေသူတွေလည်းရှိပြီး သူတို့ တိမ်းရှောင်နေတဲ့စခန်းကိုလည်း စစ်ကောင်စီတပ်က မနေ့ကပဲ ဝင်ရောက် ပစ်ခတ်ခဲ့လို့ ၂ ယောက် သေဆုံးကာ ရွာသားအများစုက ထွက်ပြေးလွတ်မြောက်သွားပြီး နေရာပြောင်းကာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

1 week Ago

January 5, 2022

ကံမမြို့နယ်က လူငယ် ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး

မကွေးတိုင်းဒေသကြီး ကံမမြို့နယ်က လူငယ် ၂ ယောက်ကို ဒီဇင်ဘာ ၄ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကံမမြို့နယ် ကြို့ပင်ကျေးရွာက ကိုခင်ဇော်မျိုးနဲ့ ငမဲကျေးရွာက ကိုလွင်မိုးဝင်းတို့ မနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ကြို့ပင်ရွာ ဒေသခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

ကံမမြို့နယ် ထွေအုပ်ရုံးအပါဝင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဖောက်ခွဲရာမှာ ပါဝင်တယ်ဆိုပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက မမှန်သတင်းပေးတာကြောင့် ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

ဇန်နဝါရီ ၄ ရက်နေ့ မနက်အစောပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်တာနဲ့ ပတ်သက်လို့ ကံမPDF က ကြေညာချက်ထုတ်ပြန်ထားတာရှိပေမယ့် စစ်ကောင်စီတပ်တွေဟာ် အပြစ်မရှိတဲ့ လူငယ်တွေကို ရမ်းသမ်းလိုက်ဖမ်းနေကြတာလို့ ဖမ်းဆီးခံရသူနဲ့ ဆွေမျိုးတော်စပ်သူက ပြောပါတယ်။

“ကျမမောင်လေးမှာ ဘာအပြစ်မှမရှိဘဲနဲ့ လာဖမ်းသွားကြတာ။ သူက တောင်သူလုပ်ငန်းကိုပဲ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတာ။ သူတို့ကို ဖမ်းပြီးတော့ ကံမမြို့မရဲစခန်းကို ခေါ်သွားကြ​တယ်။ ခုအချိန်ထိ အဆက်သွယ်မရသေးသလို မိသားစုနဲ့လည်း တွေ့ခွင့်မပေးသေးဘူး။” 

အဲဒီလူငယ် ၂ ယောက် ဖမ်းဆီးခံရတဲ့ အခြေနေကို အသေးစိတ်သိရှိနိုင်ဖို့ ကံမမြို့မရဲစခန်းကို တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

3 weeks Ago
More News
Up