ကံမမြို့

May 18, 2020

သရက်ခရိုင်၊ ကံမမြို့တွင် နေအိမ် ၆ လုံး မီးလောင်

မကွေးတိုင်းဒေသကြီး၊ ကံမမြို့၊ အမှတ် ၃ ရပ်ကွက်မှာ မေလ ၁၈ ရက် မနက်ပိုင်းက နေအိမ် ၆ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ မကွေးတိုင်း မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က" မီးလောင်မှု ဖြစ်ပွားနေတယ်လို့ သတင်းရတဲ့အတွက် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီး မီးသတ်ယာဉ် ၇ စီးနဲ့ သွားရောက်ငြှိမ်းသတ်ပေးခဲ့တာပါ။ မီးငြိမ်းသွားပြီလို့တော့ သိရပြီး ဖြစ်ပွားတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်”လို့ ပြောပါတယ်။ ကံမမြို့နယ် လွှတ်တော်အမတ် ဦးဇော်ဝင်းက "ကံမမြို့မှာ မီးလောင်ကျွမ်းခဲ့လို့ နေအိမ် ၆ လုံး မီးလောင်ဆုံရှုံးကာ လူဦးရေ ၁၈ ဦးခန့် မီးဘေး သင့်ခဲ့ပါတယ်။ သရက်ခရိုင်အတွင်းက မီးသတ်ယာဉ်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပါတယ်။ သက်ဆိုင်ရာက အကူညီအထောက်ပံ့တွေရဖို့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်"လို့ ပြောပါတယ်။ မီးလောင်ကျွမ်းခဲ့တဲ့ နေအိမ်တွေကို တစ်အိမ်ကို ကျပ် တစ်သိန်းနှုန်း၊  မီးဘေးသင့်ပြည်သူတွေကိုတော့ဆန်ရိက္ခာဖိုး တစ်ဦးကို ကျပ် ၂၁၀၀ နှုန်းနဲ့ ထောက်ပံ့ပေးမယ့်အပြင်  လိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်တွေလည်း ထောက်ပံ့ပေးသွားမယ်လို့ မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေမှူး ဦးမြင့်စိုးက ပြောပါတယ်။ မီးစတင်လောင်ကျွမ်းခဲ့တဲ့ စတိုးဆိုင်ပိုင်ရှင် ကိုအောင်မိုးလွင်ကို ကံမမြို့မရဲစခန်းမှာ မီးပေါ့ဆမှု ပုဒ်မ  ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ မကွေးတိုင်းမှာ  အခုနှစ်နွေရာသီ မီးလောင်မှု အကြိမ်ရေ ၈၀ ကျော်ဖြစ်ပွာပြီး ကျပ်သိန်း ၁၀၀၀ ကျော်ဖိုးလောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့  တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ သတင်း-မင်းထီး
1 year Ago

March 15, 2020

ကံမမြို့တွင် ၁၀ တန်းလာဖြေသူ ကျောင်းသား ၁၃ ဦး အစာအဆိပ်သင့်

မကွေးတိုင်း၊ ကံမမြို့မှာ ၁၀ တန်းလာဖြေတဲ့ ကျောင်းသား ၁၃ ဦး အစာအဆိပ်သင့်ကာ ဆေးရုံတင်လိုက်ရပါတယ်။ မကွေးတိုင်း၊ ကံမမြို့နယ်၊ စစ္စရံကျေးရွာက အ.ထ.က ခွဲကနေ ကံမမြို့ကို တက္ကသိုလ်ဝင်တန်းဖြေဆိုဖို့လာတဲ့  ကျောင်းသူ၊ ကျောင်းသားနဲ့ ဆရာ စုစုပေါင်း ၂၈ ယောက် မတ် ၁၄ ရက်နေ့မှာ အစာအဆိပ်သင့်ပြီး ကံမမြို့နယ် ပြည့်သူ့ဆေးရုံကြီးကိုရောက်ရှိလာခဲ့တာပါ။  အဲ့ဒီထဲက အခြေအနေကောင်းသူတွေကို ပြန်ဆင်းခိုင်းလိုက်ပြီး ဆေးရုံမှာ ၁၃ ယောက်ပဲ စောင့်ကြည့်ဖို့ ကျန်နေသေးတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုဇော်ဝင်းထံက သိရပါတယ်။  ကလေးတွေ ခဏနေထိုင်တဲ့ ကွမ်းခြံ အမက ၄ ကျောင်းကို သွားပြီး အိမ်သာ၊ သူတို့သောက်သုံးတဲ့ ရေနဲ့ သားသောက်တဲ့ ဟာတွေကိုပါ သွားစစ်ဆေးကြည့်တဲ့အခါမှာ ပထမရက်က ကျန်တဲ့ဟင်းကို နွေးစားကြတဲ့အတွက် ဖြစ်တယ်လို့ ယူဆရကြောင်း ကံမ မြို့နယ်ပညာရေးမှူး ဦးရဲလွင်အောင်က ပြောပါတယ်။ ဆေးရုံမှာ ဆက်နေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် လိုအပ်ပါက ဆေးရုံမှာ စာမေးပွဲဖြေဆိုနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
2 years Ago
Up