ကံဆိုးမှု

February 11, 2019

ကံဆိုးမှုများဆက်တိုက်ကြုံနေရ၍ ကူညီမည့်သူ ငှားရမ်းသည့် ဗြိတိန်အမျိုးသမီး၏ ထူးဆန်းကြော်ငြာ

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း အခက်အခဲပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ အမျိုးသမီးတဦးဟာ သူမကိုယ်စားမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ပေးနိုင်မယ့် မည်သူ့ကိုမဆို တလကို ပေါင် ၂၀၀၀ နဲ့ ငှားရမ်းဖို့အသင့်ပဲလို့ ကြေညာခဲ့ကြောင်း OC သတင်းမှာ ဖော်ပြပါတယ်။ အမည်ဖော်ပြထားခြင်းမရှိတဲ့ အမျိုးသမီးဟာ သူငယ်ချင်းတယောက်ကို ယုံကြည်တဲ့အတွက် ပိုက်ဆံများစွာကို ဆုံးရှုံးခဲ့ကာ နိုင်ငံခြားတိုင်းပြည်တခုမှာလည်း ပိတ်မိပြီး နေ့စဉ်ကြောက်ရွံ့ ထိတ်လန့်ခဲ့ရပါတယ်။ ဒါ့အ ပြင်သူမဟာ လူကြားထဲမှာတင် တိုက်ခိုက်လုယက်ခံခဲ့ရပြီး တွဲနေတဲ့ချစ်သူနဲ့လည်း လမ်းခွဲပြတ်ဆဲခဲ့ရသူပါ။ ဒီဖြစ်ရပ်တွေအကုန်လုံးဟာ ၂၀၁၈ ခုနှစ်တနှစ်တည်းမှာတင် ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ဒီလိုအခြေအနေဆိုးတွေကနေ ကျော်လွှားဖို့အတွက် သူမကိုကူညီပေးနိုင်မယ့် သူကို ရှာဖွေနေတာပဲဖြစ်ပါတယ်။ ခန့်အပ်ခံရသူဟာ သူမရဲ့ နေ့စဉ်ဘဝနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေမှာ သူမကိုယ်စား ဆုံးဖြတ်ချက် ချမှတ်ရမှာဖြစ်ပြီး တလအတွင်း သူမရဲ့ဘဝကို လမ်းမှန်ပေါ် ပြန်ရောက်လာအောင် စွမ်းဆောင်ပေးရမှာပဲ ဖြစ်ပါတယ်။ သူမဟာ သူမဘဝအတွက် လိုအပ်သူကို Bark.com မှာ ဝင်ရောက်ရေးသား ကြော်ငြာခဲ့တာဖြစ်ပြီး ဒီရာထူးနဲ့သင့်တော်တဲ့သူကို တလစာ အတွက် ပေါင် ၂၀၀၀ ပေးမှာဖြစ်ပါတယ်။ ခန့်အပ်ခံရသူဟာ သူမရဲ့စုငွေတွေကို ဘယ်လိုအသုံးပြုရမယ်ဆိုတာကစလို့ ဘယ်လိုလူမျိုးနဲ့ တွဲသင့်တယ်ဆိုတာအထိ ဆုံးဖြတ်ချက်ချမှတ်ပေးရမှာဖြစ်ပြီး သူမလိုအပ်တဲ့အချိန်တိုင်း အဆင်သင့်ဆောင်ရွက်ပေးဖို့ ၂၄ နာရီလုံး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ သိရပါတယ်။ သူမရဲ့ ကြော်ငြာမှုဟာ အနည်းငယ်ထူးဆန်းနေပြီး အရင်တုန်းက ဒီလိုမျိုးပေါက်ပေါက်ရှာရှာ ကြော်ငြာမျိုးကို မြင်တွေ့ခဲ့ရခြင်းမရှိဘူးလို့ Bark.com ကို ပူးတွဲတည်ထောင်သူ ကိုင်ဖဲလ်လာက ပြောပါတယ်။ ဒါပေမယ့် ယနေ့ခေတ်ရဲ့အခြေအနေအရ လူတယောက်အပေါ်မှာ သက်ရောက်နေတဲ့ ဖိအားတွေကို နားလည်မိကြောင်းလည်း သူမက ဆက်လက်ပြောကြားပါတယ်။
2 years Ago
Up