ဖေ့စ်ဘွတ်၊ ဂူဂယ်နဲ့ တွစ်တာကော်ပိုရေးရှင်းတွေဟာ သတင်းမှားတွေ တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး လစဉ် အစီရင်ခံစာ တင်သင့်တယ်လို့ ဥရောပသမဂ္ဂ (EU) အကြီးတန်း အရာရှိ ၂ ဦးက ပြောပါတယ်။
သတင်းတုတွေ ဖြန့်နေတဲ့ နေရာမှာ ရုရှားနဲ့ တရုတ်တို့ရဲ့ အခန်းကဏ္ဍတွေ ပါနေတယ်လို့လည်း သူတို့က ပြစ်တင် စွပ်စွဲပါတယ်။
ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ကပ်ဘေးနဲ့ပတ်သက်တဲ့ အာရုံလွှဲထားတဲ့ သတင်းတွေရဲ့ သြဇာ လွှမ်းမိုးမှုနဲ့ပတ်သက်ပြီး EU ရဲ့ စိုးရိမ်မှုကို ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲနဲ့ ဥရောပကော်မရှင် တန်ဖိုးနဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ ဒုဥက္ကဋ္ဌတို့က ထင်သာ မြင်သာ ဖြစ်အောင် မှတ်ချက်ပေး ပြောဆိုခဲ့ကြတာပါ။
နိုင်ငံရပ်ခြား လှုပ်ရှားသူတွေအနေနဲ့ ဥရောပအပေါ် သြဇာလွှမ်းဖို့ အားထုတ် နေတယ်လို့လည်း သူတို့က ပြောပါတယ်။
ဥရောပကော်မရှင် ဒုဥက္ကဋ္ဌက “သတင်းမှားတွေဟာ ကျနော်တို့ ဒီမိုကရေစီစနစ်ရဲ့ ကျန်းမာရေးကိုသာ ထိခိုက်စေတာ မဟုတ်ဘဲ နိုင်ငံသားတွေရဲ့ခံယူချက် ကျန်းမာရေးကိုပါ ထိခိုက်စေပြီး ဒါတွေဟာ စီးပွားရေးကိုလည်း အဖျက်သဘော သက်ရောက်ကာ အာဏာပိုင်တွေရဲ့ တုံ့ပြန်နိုင်မှုကို လှိုက်စားနေတယ်။ ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ချက်တွေကိုလည်း အားနည်းစေတယ်”လို့ ပြောပါတယ်။
သတင်းမှား တိုက်ဖျက်ရေးအတွက် EU ကချမှတ်ထားတဲ့ ကျင့်ဝတ်စည်းကမ်းတွေကို သဘောတူတယ်လို့ ဂူဂယ်၊ ဖေ့စ်ဘွတ်၊ တွစ်တာနဲ့ မော်ဇီလာကော်ပိုရေးရှင်းတွေလည်း ဆန္ဒအလျောက် ပါဝင် လက်မှတ်ရေးထိုးထားပါတယ်။ တရုတ်ကုမ္ပဏီ ဘိုက်ဒန့်စ်က ပိုင်တဲ့ ရုပ်သံအပလီကေးရှင်း တစ်ခ်တော့ခ်ကလည်း လိုက်နာ ကျင့်သုံးဖို့ ပူးပေါင်းပါဝင်မှာဖြစ်တယ်လို့လည်း ဥရောပကော်မရှင် ဒုဥက္ကဋ္ဌက ပြောပါတယ်။
အီးယူအကြီးအကဲတွေဟာ ဆက်ဆံရေးဗျူဟာနဲ့ သံခင်းတမန်ခင်းကို ရှေ့တိုး လုပ်ဆောင်နေတဲ့ နိုင်ငံခြားလှုပ်ရှားသူတွေကို တန်ပြန်ဖို့ စီစဉ်နေပြီး တဘက်မှာလည်း လွတ်လပ်တဲ့ သုတေသီတွေ၊ အချက်အလက် စိစစ်သူတွေနဲ့ မီဒီယာတွေကို ပိုမိုထောက်ပံ့ဖို့လည်း စီစဉ် နေပါတယ်။
9 months Ago