ကော်တိုရစ်

A d v e r t i s e m e n t With Us

June 9, 2020

လာလီဂါချန်ပီယံဆုပြိုင်ပွဲအတွက် ဟာဇက်ကို လိုအပ်ပါတယ် - ကော်တိုရစ်

လာလီဂါချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းဟာ အီဒင်ဟာဇက်ကို လိုအပ်တယ်လို့ ဂိုးသမား သီဘောက် ကော်တိုရစ်က ပြောပါတယ်။  ဟာဇက်ဟာ ရီးရဲလ်အသင်းကို ယူရိုသန်း ၁၀၀ နဲ့ ရောက်ရှိလာခဲ့သူဖြစ်ပေမယ့် ဒဏ်ရာနဲ့ ကြံ့ခိုင်မှုပြဿနာတွေကြောင့် အသင်းအတွက် ၁၅ ပွဲသာ ပွဲထွက်ခွင့်ရရှိထားပါတယ်။  အသက် ၂၉ နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင်တိုက်စစ်မှူး ဟာဇက်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လာလီဂါပွဲစဉ်တွေ ခေတ္တမရပ်ဆိုင်းခင်မှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပါတယ်။  ဒါပေမဲ့ ဗိုင်းရပ်စ်ကြောင့် လာလီဂါပွဲစဉ်တွေ ရပ်နားထားရချိန်မှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်ပြီး လိဂ်ကို ပြန်လည်စတင်ချိန်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်ခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။  လာလီဂါပွဲစဉ် ၉ ပွဲ ကစားဖို့ကျန်ရှိနေပြီး လက်ရှိအမှတ်ပေးဇယားမှာ ရီးရဲလ်အသင်းက  ဘာစီလိုနာအသင်းနဲ့ နှစ်မှတ်အကွာ ဒုတိယနေရာမှာ ရှိနေပါတယ်။  ရီးရဲလ်အသင်းဟာ အီဘာအသင်းနဲ့ ဇွန် ၁၄ ရက်မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒီပွဲမတိုင်ခင်  ကော်တိုရစ်က အသင်းဖော်ဟာဇက်ရဲ့ အခြေအနေကို အခုလို ပြောဆိုသွားပါတယ်။  “ဟာဇက်က အိုကေနေပါပြီ။ သူ့ရဲ့ပြန်လည်ကောင်းမွန်လာမှုက တော်တော်လေး အံ့သြဖို့ကောင်းပါတယ်။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ ဖြည်းဖြည်းချင်း လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ ကျနော့်အမြင်မှာတော့ လာလီဂါချန်ပီယံဆုအတွက် ရီးရဲလ်အသင်းဟာ ဟာဇက်ကို လိုအပ်ပါတယ်” လို့ ဘယ်လ်ဂျီယံ လက်ရွေးစင်ဂိုးသမားက Movistar သတင်းဌာနကို ပြောခဲ့ပါတယ်။  ရီးရဲလ်မက်ဒရစ်အသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် လာလီဂါပွဲစဉ်တွေ မရပ်နားခင် နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲစဉ် ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။  လာလီဂါပွဲစဉ်တွေ ပြန်လည်စတင်ပြီး ချန်ပီယံဆုအတွက် ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်သွားဖို့ မစောင့်နိုင်တော့ဘူးလို့ ကော်တိုရစ်က ထပ်မံပြောဆိုခဲ့ပါတယ်။  လာလီဂါပွဲစဉ်တွေ ပြန်လည်စတင်ချိန်မှာ အသင်းတိုင်းဟာ ပရိသတ်မပါဘဲ ကွင်းပိတ်ကစားသွားရမှာ ဖြစ်ပြီး ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေမှုကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့ရဲ့ ကျန်ရှိနေသေးတဲ့ပွဲစဉ်တွေကို အိမ်ကွင်း ဘာနေဗျူးမှာ ကစားခွင့်ရမှာမဟုတ်ဘဲ အသင်းရဲ့လေ့ကျင့်ရေးကွင်းတခုဖြစ်တဲ့ ဗဲလ်ဒီဘီဘတ်စ်ကွင်းမှာပဲ ကစားသွားရမှာ ဖြစ်ပါတယ်။
9 months Ago
Up