ကော့သောင်း-ရနောင်း

March 21, 2020

စဖန်ဖလားဂိတ်မှလွဲ၍ ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်များ ထိုင်းဘက်က ယာယီပိတ်

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်နိုင်ရေးအတွက် ထိုင်း-မြန်မာနယ်စပ် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်တွေကို ထိုင်းနိုင်ငံ ရနောင်းဘက်ခြမ်းကနေ အမြဲတမ်း ဖြတ်သန်းခွင့်ရှိတဲ့ စဖန်ဖလားဂိတ်ကလွဲပြီး ကျန်ဂိတ်အားလုံးကို ယာယီပိတ်လိုက်တယ်လို့ ရနောင်း တာဝန်ရှိသူတွေက မတ် ၂၀ ရက်နေ့က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဟာ လျင်မြန်စွာကူးစက်ပျံ့နှံ့နေပြီး အန္တရာယ်ကြီးမားတာကြောင့် ရနောင်းခရိုင်အတွင်း ကျယ်ပြန့်မလာစေဖို့ ထိန်းချုပ်တဲ့အနေနဲ့ မဖြစ်မနေ လုပ်ဆောင်ရတာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ယာယီဆိုင်းငံ့လိုက်တဲ့ ဂိတ်တွေကတော့ ရနောင်း-ကော့သောင်း အကောက်ခွန်ဌာန ဆိပ်ကမ်း အမြဲတမ်းဖြတ်သန်းရေးဂိတ်၊ ရနောင်း-ကော့သောင်း (Grand AndamanHotel) ဖြတ်သန်းရေးဂိတ်၊ ရနောင်းမှ သူဌေးကျွန်းကို သွားတဲ့ဂိတ်၊ ရနောင်းခရိုင် လာ့အူမြို့ ခေါင်ဖာချီကျေးရွာမှ ယာယီဖြတ်သန်းရေးဂိတ် (ကီလို ၃၀ ဂိတ်) တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါဂိတ်တွေကို မတ် ၂၀ ရက်နေ့က အခြေအနေ ပုံမှန်ပြန်ဖြစ်တဲ့အထိ ယာယီပိတ်ထားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာဘက်ခြမ်း ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်မှာတော့ ယာယီ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်တွေနဲ့ နေ့စဉ် ပုံမှန်အလုပ်သွားလုပ်နေကြတယ်လို့ သိရပါတယ်။
2 years Ago
Up