ကော့ဇူမယ်အပန်းဖြေမြို့

February 28, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အပျော်စီးသင်္ဘောဆိုက်ကပ်မှုကို မက္ကဆီကိုဒေသခံများ ဆန္ဒပြ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှာကို လူအများ စိုးရိမ်နေကြချိန် ဖေဖော်ဝါရီ ၂၆ ရက်က မက္ကဆီကိုနိုင်ငံ ကော့ဇူမယ်အပန်းဖြေမြို့မှာ အပျော်စီးသင်္ဘော တစီးဆိုက်ကပ်တာကို ဒေသခံလူတစု ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။  အမ်အက်စ်စီ မယ်ရာဗီလီရာ အပျော်စီးသင်္ဘောပေါ်မှာ လူခြောက်ထောင်ကျော် လိုက်ပါလာ ပြီး သင်္ဘောအမှုထမ်းတွေ ဗိုင်းရပ်စ်ကူးစက်ခံရတယ်ဆိုတဲ့ သက်သေမရှိတဲ့ စိုးရိမ်စိတ်တွေကြောင့် ကာရေဘီယံဆိပ်ကမ်းနှစ်ခုမှာ ကမ်းကပ်ခွင့် ငြင်းဆန်ခံရပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ မက္ကဆီကန် အာဏာပိုင်တွေက အဲဒီသင်္ဘောကို   ကော့ဇူမယ်ဆိပ်ကမ်းမှာ ကမ်းကပ်ခွင့်ပြုခဲ့ပါတယ်။  ဖေဖော်ဝါရီ  ၃ ရက်က ဂျပန်နိုင်ငံ ယိုကိုဟားမားဆိပ်ကမ်းမှာ  ကမ်းကပ်ခဲ့တဲ့ Diamond Princess အပျော်စီးသင်္ဘောပေါ်က ခရီးသည်တွေမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၀၀ လောက် မြင့်တက်လာပြီး သုံးယောက် သေဆုံးခဲ့ပါတယ်။  ဒီဖြစ်စဉ် နောက်ပိုင်းမှာတော့ အပျော်စီးသင်္ဘောတွေကို လူတွေ  အာရုံစိုက်လာခဲ့ပါတယ်။ ကော့ဇူမယ်ဒေသခံတဦးက “တခြားဆိပ်ကမ်းတွေ ကမ်းကပ်မခံတဲ့ သင်္ဘောကို ဘာလို့ ကော့ဇူမယ်ဆိပ်ကမ်းက အကပ်ခံတာလဲ” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။  “သင်္ဘောတစီးကြောင့် ဒေသခံတွေ စီးပွားရေးကျမယ်၊ ကျန်းမာရေး ထိခိုက်မယ်၊ အသက်တွေတောင် ဆုံးချင် ဆုံးနိုင်တယ်”လို့ သူက ပြောခဲ့ပါတယ်။  မက္ကဆီကို ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ အဲဒီသင်္ဘောဟာ ဗိုင်းရပ်စ် ပြန့်ပွားမယ့် အန္တရာယ်မရှိတဲ့ အကဲဖြတ်ချက်ကို အခြေခံပြီး ကမ်းကပ်ခွင့် ပြုခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီသင်္ဘောပေါ်ပါ ခရီးသည်တွေကို ကော့ဇူမယ်ဆိပ်ကမ်းကို ဆင်းခွင့် ပြု၊ မပြု ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရဘူးလို့ ရိုက်တာသတင်းက ဆိုပါတယ်။
1 year Ago
Up