ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အဇင်းကျေးရွာမှာ ဧပြီ ၆ ရက် ည၈ နာရီလောက်က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဒေသခံပြည်သူတွေ ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီရဲ့ အဇင်းတပ်စခန်းကို နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဖုချိမူကျေးရွာတပ်စခန်းကနေ အဆက်မပြတ်ပစ်ကူပေးနေတာကြောင့် ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်နေပြီး ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အဇင်းကျေးရွာသားတဦးက ပြောပါတယ်။
”ထွက်မပြေးလို့ မရဘူး။ လက်နက်ကြီးက အဆက်မပြတ်ပစ်နေတာ။ မပြေးရင် ထိကုန်မှာလေ။ ညက အသက်ကြီးတဲ့သူတွေနဲ့ ကလေးတွေ တော်တော်လေးကို ဒုက္ခရောက်တယ်။ ကျနော်တို့ ငယ်ငယ်ကခေတ်ဆိုးကြီးကို ပြန်ရောက်သွားသလို ခံစားရတယ်။ ကျနော်တို့ သားသမီးတွေကို ဒီလိုခေတ်ဆိုး စနစ်ဆိုးတွေ မပေးချင်တော့ဘူး။ မြန်မြန်လေး ငြိမ်းချမ်းစေချင်ပြီ။”
ဧပြီ ၃ ရက်က ကော့ကရိတ်မြို့နယ်၊ ကျိတ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ နယ်မြေခံ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက လေကြောင်းကနေ လေယာဉ်နဲ့ ဧပြီ ၄ ရက်နေ့အထိ နှစ်ရက်ဆက်တိုက် လာရောက်ပစ်ခတ်တဲ့အတွက် ဒေသခံ ၂ ဦး ဒဏ်ရာရရှိခဲ့သလို နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တဲ့အပြင် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာတောတောင်တွေနဲ့ ဥယျာဉ်ခြံတွေထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
မတ်လနောက်ဆုံးပတ်က နယ်မြေကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ နယ်မြေခံ KNLA ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ထီးသဘလုခီး၊ ကွီးလေး၊ ကွီးလုံးတန်ကျေးရွာအပါအဝင် ကျေးရွာ ၆ ရွာက ဒေသခံပြည်သူတွေ ၁၀၀၀ ကျော်ဟာ ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
မတ် ၉ ရက်နောက်ဆုံးထားပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ လေကေ့ကော်ဒေသနဲ့ ဒေါနအရှေ့ခြမ်း ကော့ကရိတ်ခရိုင်အတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဆုတ်ခွာဖို့ အသိပေး အကြောင်းကြားခဲ့ပေမဲ့ စစ်ကောင်စီက လူ၊ လက်နက်ခဲယမ်းဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတာပါ။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကေအန်ယူထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်ထဲ ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကေအန်ယူတို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၁၁ ဦးသေဆုံးပြီး ၂၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက အောက်တိုဘာ ၁၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၉ ရက်မှ ၁၂ ရက်အထိ ရွာသစ်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ကေအန်ယူတို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခမရ ၅၅၆ တပ်ရင်းက ဗိုလ်အပါအဝင် ၁၁ ဦးကျဆုံးပြီး ၂၄ ဦးဒဏ်ရာရရှိခဲ့တာပါ။
ကေအန်ယူ တာဝန်ရှိသူတစ်ဦးက"သေတာက ၁၁ ယောက်နဲ့ ဒဏ်ရာရတာက ၂၄ ယောက်။ သေတဲ့အထဲ ဗိုလ် တယောက်ပါတယ်။ ဒဏ်ရာရတဲ့ သူအထဲမှာလည်း တပ်စိတ်မှူးပါတယ်လို့တော့ သိထားတယ်။"လို့ ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ-၅၅၆ တပ်ရင်းက ကေအန်ယူထိန်းချုပ်နယ်မြေထဲကို ရွာသစ်ကျေးရွာလမ်းကနေ ကျူးကျော်ဝင်ရောက်လာတဲ့အတွက် ကေအန်အယ်လ်အေ တပ်ရင်း ၁၈ နဲ့ ထိပ်တိုက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
နယ်မြေအတွင်းကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့တပ်တွေဟာ တိုက်ပွဲအတွင်း စနိုက်ပါသေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေအပြင် မိုင်းဟောင်းနင်းမိပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေရှိတယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း အကြမ်းဖက်စစ်တပ် ခမရ- ၅၅၆ က လက်နက်ကြီး အချက် ၃၀ လောက် ပစ်ခတ်ခဲ့လို့ တတာကူး ကျေးရွာသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သလို နေအိမ်တချို့ လက်နက်ကြီးထိမှန်ပျက်စီးခဲ့ပြီး ရွာသစ်ကျေးရွာနဲ့ ကမိုင်ကုန်းကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အန်စီအေစာချုပ်ကိုဖော်ဖျက်ပြီး ကော့ကရိတ်မြို့ အာရှလမ်းမကြီးဘေးကနေ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းကို နယ်မြေ ကျူးကျော်ဝင်ရောက်လာကာ စစ်အင်အားတိုးချဲ့ဖို့ လုပ်ဆောင်လာလို့ တိုက်ပွဲတွေဖြစ်ပွားတာလို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီကတော့ စစ်ရေးလှုပ်ရှားမှုတွေ ၅ လ ထပ်မံရပ်စဲထားတယ်လို့ မကြာသေးခင်ကပဲ ထပ်မံ ထုတ်ပြန်ထားပါတယ်။