ကောလင်းမြို့

A d v e r t i s e m e n t With Us

September 13, 2020

ကောလင်းမြို့တွင် ကိုဗစ်-၁၉ လူနာ ၁ ဦး ပထမဆုံးတွေ့ရှိ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ ကိုဗစ်-၁၉ လူနာ အမျိုးသား ၁ ဦး ပထမဆုံး တွေ့ရှိခဲ့ပြီး ပြည်သူ့ဆေးရုံမှာ ကုသထားတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ နေထိုင်ခဲ့တဲ့ ရောဂါပိုးတွေ့ရှိတဲ့ လူနာဟာ စက်တင်ဘာ ၄ ရက်နေ့က မန္တလေး-ကောလင်း အောင်ရတနာကားနဲ့ ရောက်ရှိလာပြီးနောက် ကောလင်းမြို့နယ်၊ ပဒုမ္မာကျေးရွာကို ရောက်ရှိကာ ပဒုမ္မာကျေးရွာက Quarantine စင်တာမှာ ထားရှိပြီး စောင့်ကြည့်နေတာလို့ ဆိုပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့က Swab ရယူပြီး မန္တလေးမြို့၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနကို ပို့ဆောင်စစ်ဆေးခဲ့ရာကနေ ဒီနေ့မနက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် စာရင်းထဲ ပါလာတာပါ။ မြို့နယ်အဆင့် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူတဦးက “ရောဂါပိုး တွေ့ရှိပေမယ့် အသွားအလာကန့်သတ်ထားတဲ့သူ ဖြစ်လို့ ဒေသခံတွေအနေနဲ့ အစိုးရိမ်မလွန်ကြဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း တိတိကျကျ လိုက်နာနိုင်ဖို့ပဲ အရေးကြီးတယ်” လို့ ပြောပါတယ်။ ရောဂါပိုးတွေ့ရှိတဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသားကို ကောလင်းမြို့၊ ပြည်သူ့ဆေးရုံမှာ Isolation Room မှာ သီးခြားထားရှိ ကုသဆောင်ရွက်သွားမှာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ထိတွေ့ခဲ့သူတွေကို အသွားအလာကန့်သတ်ကာ ဓာတ်ခွဲနမူနာယူစစ်ဆေးမှာဖြစ်ပြီး ထိတွေ့ခဲ့သူတွေကိုတော့ စုံစမ်းဆဲဖြစ်တာကြောင့် ဘယ်နှဦးရှိတယ်ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။ သတင်း - ကျော်ဇေယျ(ရွှေကူ)
4 months Ago

May 12, 2020

ကောလင်းမြို့အနီး ရထားနှင့်ကား တိုက်မိပြီး ရထားတွဲ တိမ်းမှောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့အနီး၊ ကောလင်း-မြစ်ကြီးနားရထားလမ်း၊ ဝါးရုံးတုန်းနဲ့ ကျွန်းလှခုံအကြားမှာ  မေလ ၁၂ ရက် ညနေပိုင်းက ကျောက်ဆွဲရထားနဲ့ ဖောကားတစ်စီး တိုက်မိပြီး ရထားတိမ်းမှောက်သွားပါတယ်။ ရထားတိမ်းမှောက်မှုကြောင့် လူတွေတော့ ထိခိုက်ဒဏ်ရာရရှိတာမရှိဘဲ ရထားလမ်းတော့ ပိတ်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ ကောလင်းမြို့ဒေသခံ ဦးသူရက "ဒီညနေပိုင်းကဖြစ်သွားတာ။ ကားက လွတ်မလားဖြတ်တက်တာထင်တယ်။ ရထားကတော့ ခေါင်းတွဲ၊ နောက်တွဲ ချော်ပြီး ရထားလမ်းမှာ ကန့်လန့်ဖြစ်နေတာပေါ့။ ရထားက ကျောက်ဆွဲရထား။ ကားကတော့ ခါလီ ကုန်မပါဘူး။ ကားက ဘာမှဖြစ်မသွားဘူး။ ရထားပဲ တိမ်းမှောက်သွားတာပါ။ မီးရထားစက်ခေါင်းရုံအလွန်နားမှာ ဖြစ်သွားတာ။ လူတွေထိခိုက်သေဆုံးတာတော့ မရှိပါဘူး။"လို့ ပြောပါတယ်။  စက်ခေါင်းအမှတ် DD-949 ကျောက်ဆွဲရထားက ရထားလမ်းပြင်ရာမှာ ကျောက်လိုတဲ့နေရာ လိုက်ပို့တဲ့ ရထားဖြစ်ပြီး ခရီးသည်မပါဘူးလို့ သိရပါတယ်။ မန္တလေး-မြစ်ကြီးနား ခရီးသည်တင် ရထားဟာလည်း အခုရက်ပိုင်းမှာပြေးဆွဲနေတာဖြစ်ပြီး ကောလင်းဘူတာမှာတော့ ရထားပိတ်မိနေတာမျိုးမရှိပါဘူး။ မတော်တဆဖြစ်တဲ့နေရာက မျက်ကွယ်နေရာမျိုးမဟုတ်ဘဲ ရထားလာတာကို အဝေးကမြင်နိုင်တယ်လို့ သိရပါတယ်။ ကားမောင်းသူကိုတော့ ကောလင်းမြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး အရေးယူဆောင်ရွက်နေပါတယ်။
9 months Ago
Up