ကောက်စည်ပင်ရွာ

September 21, 2021

မတ္တရာမြို့နယ် ကောက်စည်ပင်ရွာ လမ်းရေကျော်သည့်နေရာတွင် ကလေး ၃ ဦး ရေနစ်သေဆုံး

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ကောက်စည်ပင်ကျေးရွာအနောက်ဘက် လမ်းရေကျော်ခဲ့တဲ့ နေရာတွင် စက်တင်ဘာ ၂၀ ရက် မနက် ၁၀ နာရီလောက်က ကလေး သုံးဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။

ဒေသခံတစ်ဦးက “မနေ့က မိုးသည်းတော့ ရွာအနောက်ဘက် ချောင်းရေကျော်ခဲ့တယ်။ ချောင်းရေကျော်တဲ့ လမ်းပေါ်တောင် လူကြီးတစ်ဦးရဲ့ ခါးလောက် မြုပ်တယ်။ ကလေးတွေ နစ်ခဲ့တာက လယ်ကွင်းဘက် ဆိုတော့ လူကြီးတစ်ယောက်ရဲ့ လည်ပင်းလောက်ထိ မြုပ်တယ်။ အဲဒီ လယ်ကွင်းဘက် ရေကျော်တဲ့နေရာကို ကလေးတွေ ဖြတ်သွားတဲ့အချိန် ရေနစ်သွားတာပါ” လို့ ပြောပါတယ်။

အသက် ၁၂ နှစ်အရွယ် မိန်းကလေး ၁ ဦးနဲ့ အသက် ၆ နှစ်အရွယ် ယောက်ျားလေး ၂ ဦး ရေနစ် သေဆုံးခဲ့တာပါ။ ကလေး ၃ ဦး ရေနစ်တာကို ဒေသခံများ သိသိချင်း ရှာဖွေကယ်ဆယ်ခဲ့ပေမယ် ကလေးတွေကို တွေ့ရှိခဲ့ခြင်း မရှိခဲ့ပါဘူး။ 

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မတ္တရာမြို့) က သွားရောက်ဝိုင်းဝန်း ရှာဖွေခဲ့ရာ ည ၆ နာရီဝန်းကျင်တွင် ကလေး ၃ ဦးကို ဆယ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

2 years Ago
Up