ကေအိုင်အေ

January 15, 2022

မုံးကိုးဒေသတွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေ တိုက်ပွဲပြင်းထန်

ရှမ်းပြည်‌နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ၊ မုံးပေါ်ဝိန်းဆိုင်ကျေးရွာအုပ်စု၊ ဆမာရွာနဲ့ ဟူဘန်ရွာအနီးမှာ  စစ်ကောင်စီတပ်နဲ့   ကေအိုင်အေ တပ်မဟာ ၆၊ တပ်ရင်း ၃၆ တို့ ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၁၂ နာရီ ၅၄ မိနစ် လောက်က  တိုက်ပွဲထပ်မံ ဖြစ်ပွား‌နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စစ်ကောင်စီ တပ်မ ၇၇ အင်အား ၁၀၀ လောက်နဲ့ ကေအိုင်အေ တပ်မဟာ ၆၊ တပ်ရင်း ၃၆ တို့ ဇန်နဝါရီ ၁၃ ရက်ကနေ ဒီနေ့အထိ နေ့တိုင်းထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေပြီး မိုင်ဖန်ရွာဘက်က စစ်ကောင်စီတပ်တွေလည်း အင်အားဖြည့် စစ်ကြောင်းထိုးလာတဲ့ အပြင် လက်နက်ကြီးတွေနဲ့ ပစ်ကူနေတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “အခု ၁ နာရီကနေ လက်နက်အကြီးရော၊ လက်နက် အသေးရော အဆက်မပြတ်ပစ်နေတယ်။ မနေ့က တိုက်ပွဲဖြစ်တဲ့ နေရာပဲ။ မိုင်ဖန်အမြောက်တပ်ကနေလည်း လက်နက်ကြီးတွေ ပစ်ကူနေတာ ၄ ချက် ရှိပြီ”လို့ ပြောပါတယ်။

၁၀၅ မိုင် ဗျူဟာကုန်းကနေ လက်နက်ကြီး ထုနေတာ ၄ ချက်ရှိပြီး အသံအကျယ်ကြီး ကြားရတယ်လို့ ဒေသခံတယောက်က  ပြောပါတယ်။ 

ဇန်နဝါရီ ၁၄ ရက်က အဆိုပါဒေသကို စစ်ကောင်စီ ဂျက်လေယာဉ် ၂ စီး ရောက်ရှိလာကာ ပျံဝဲခဲ့တာကြောင့်  ဗုံးကြဲတိုက်ခိုက်ပြီး တိုက်ပွဲပိုမိုပြင်းထန်လာမှာ ဒေသခံတွေက စိုးရိမ်ထိတ်လန့် နေကြပါတယ်။

ဇန်နဝါရီ ၁၁၊ ၁၂ ရက်မှာ  နောင်ဟဲန့်၊ လွယ်ဆာရွာ‌တွေဘက် စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇန်နဝါရီ ၁၃၊ ၁၄၊ ၁၅ ရက်မှာတော့ ဆမာနဲ့ ဟူဘန်ရွာဝန်းကျင် တကြော တိုက်ပွဲ ဆက်လက်ပြင်းထန် နေတာပါ။

တိုက်ပွဲတွေကြောင့်  နောင်ဟဲန့်၊ လွယ်ဆာ၊ လွယ်ကန်၊ ဟူဘန်၊ ဆမာတို့မှ ဒေသခံပြည်သူ ၃၀၀ ကျော် ဝိန်းဆိုင်သို့ ထွက်ပြေး တိမ်းရှောင်နေကြရပြီး စစ်မြေပြင်နဲ့ နီးနေတဲ့ ဟူနားရွာခံတွေလည်း မုံးပေါ် မနောကွင်းဘက် ယာယီ ရှောင်တိမ်းနေကြရပါတယ်။

တိုက်ပွဲကြားထဲက ဝိန်းဆိုင်ရွာဘက် ထွက်ပြေးတိမ်းရှောင် ခိုလှုံလာခဲ့ကြရတဲ့ စစ်ဘေးရှောင်တွေဟာ  ဆပ်ပြာ၊ သွားတိုက်တံလို တကိုယ်ရေသုံးပစ္စည်းတွေကအစ စားနပ်ရိက္ခာအဆုံး  အကူအညီလိုအပ်နေပါတယ်။ 

အဲဒီဒေသမှာ စစ်ကောင်စီတပ်၊ မုံးပေါ်ပြည်သူ့စစ်၊ MNDAA ၊ KIA၊  SSPP/SSA နဲ့ မြောက်ပိုင်း မဟာမိတ် ညီနောင်တို့ လှုပ်ရှားရာဒေသ ဖြစ်ပါတယ်။

Photo Crd# CJ 

2 weeks Ago

December 26, 2021

ကွတ်ခိုင်တွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေ တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် (သိန္နီ-ကွတ်ခိုင်ကြား) မန်ပြိန်းကျေးရွာ၊ ကောင်းခမ်းကျောက်တောင်အနီးမှာ မနေ့ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၅ ရက် ညနေ ၅ နာရီလောက်က မန်ပြိန်းကျေးရွာ ကောင်းခမ်းကျောက်တောင်အနီးမှာ ထမင်းဝိုင်းဖွဲ့စားနေတဲ့ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင် အင်အား ၄၀ လောက်ကို ကေအိုင်အေပူးပေါင်းတပ်က အလစ်ဝင်‌ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများနိုင်တယ်လို့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ကျနော်တို့က ယာဥ်တန်းတက်လာမယ်ဆိုတာသိလို့ မိုင်းထောင်ဖို့သွားတယ်။  လမ်းကြောင်းမှာ စစ်ကြောင်းကို အလစ်ဝင်တိုက်ခဲ့လို့ နှစ်ဘက်တိုက်ပွဲဖြစ်တာ။ နာရီဝက်ကျော်ကျော်ကြာတယ်။ ကျနော်တို့ဘက်က လက်နက်ကြီး ၆၀၊ ၄၀ မမ တွေ သုံးခဲ့ရတယ်။ ကျနော်တို့ဘက်က ပစ်ဆုတ်ဆုတ်လာတော့။ စကစဘက်က ထိတာတော့ထိတယ်။ သေဆုံး ထိခိုက်စာရင်းက မသိရဘူး” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း  စစ်ကောင်စီရဲ့ သိန္နီမြို့ အမြောက်တပ်က လက်နက်ကြီးအဆက်မပြတ် ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ 

မန်ပြိန်းကျေးရွာသားတစ်ဦးက “ညနေလောက်မှာ တိုက်ပွဲဖြစ်တယ်။ စစ်တပ်က ကောင်တွေက ကျောက်တောင်နားမှာ ထမင်းစားနေတယ်လို့ ကြားတယ်။ ဖြစ်ပြီးမကြာဘူး၊ သိန္နီဘက်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းပစ်တော့ ရွာတွေနားမှာ လာကျလို့ ဒေသခံတွေ ကြောက်လန့်ပြီးထွက်ပြေးရတယ်” လို့ ပြောပါတယ်။ 

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဒေသခံတွေ ဒီနေ့မနက်မှာတော့ နေရပ်ပြန်ရောက်လာကြပြီလို့ သိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက်ကလည်း သိန္နီမြို့ အထွက်(ဗြုန်းတောင်အနီး) လားရှိုး-မူဆယ်ကားလမ်းမကြီးဘေးနဲ့ သိန္နီ-ကွတ်ခိုင်ကြား၊ မန်ပြိန်းရွာ အပေါ်ဘက် ဘုရားတောင်အနီးမှာ တိုင်းရင်းသားလက်နက်ကိုင် (EAOs)၊ သိန္နီမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့(TN.PDF) ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။

1 month Ago
More News
Up