ကေအန်အယ်လ်အေ

October 23, 2021

ကေအန်ယူစစ်ဆေးရေးဂိတ်နှင့် လူနေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ် နယ်နိမိတ်အနီးက ကေအန်ယူ တပ်မဟာ ၁  စစ်ဆေးရေးဂိတ်နဲ့ လူနေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေထံက  သိရပါတယ်။

အောက်တိုဘာလ ၂၁ ရက် မနက် ၈ နာရီလောက်က စစ်ကောင်စီရဲ့ စကခ ၈ လက်အောက်ခံ ခမရ ၄၀၆နဲ့ ဘီဂျီအက်ဖ် ပူးပေါင်းစစ်ကြောင်းဟာ လေးကေ-ဝင်းတာပန်ကနေ ပိန္နဲတောအပြန် ကေအန်အယ်လ်အေရဲ့  စစ်ဆေးရေးဂိတ်နဲ့ ဒေသခံ ထီးမော့ကျေးရွာ နော်အက်ဖော့ရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

ထီးမော့​ကျေးရွာသား တစ်ဦးက “သူတို့ မီးရှို့သွားတဲ့အချိန်က ကေအန်ယူလုံခြုံရေးတွေက နေရာရွှေ့သွားပြီ။ လူမရှိတော့ မီးရှို့သွားတယ်။ နောက် ထီးမော့ရွာက ဒေသခံအိမ်တစ်လုံးကိုပါ မီးရှို့သွားတယ်။ အိမ်ပေါ်မှာရှိတဲ့ ပစ္စည်းအကုန်လုံးပါသွားတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီပူးပေါင်းစစ်ကြောင်းနဲ့  တပ်မဟာ ၁ ကေအန်အယ်လ်အေ တပ်ဖွဲ့တို့ ဘီးလင်း-သထုံ ကားမဲစစ်ဆေးရေးဂိတ်နဲ့ လားခိုးအနီးမှာ တစ်ကြိမ်စီ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က ၄ ယောက်သေဆုံးပြီး ၅ ယောက်လောက်  ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ရသလို တိုက်ပွဲ​ဖြစ်ပွားပြီးမှသာ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်ခဲ့ရတယ်လို့ ကားမဲကျေးရွာ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီပူးပေါင်းတပ်တွေဟာ ကေအန်ယူ ထိန်းချုပ်နယ်မြေတွေအတွင်းကို လူအင်အား၊ လက်နက်ခဲယမ်းအင်အား ဖြည့်တင်းပြီး ကျူးကျော်ဝင်ရောက်လာတဲ့အတွက်  ကေအန်ယူတပ်ဖွဲ့နဲ့ နေ့စဥ်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

1 month Ago

April 27, 2021

ထိုင်း-မြန်မာနယ်စပ် အကြမ်းဖက်စစ်ကောင်စီစခန်းကို ကေအန်အယ်လ်အေ သိမ်းယူ

ထိုင်း-မြန်မာနယ်စပ် သော်လယ်ထာ (မဲ့စန်လက်) စစ်ကောင်စီတပ်စခန်းကို ဒီနေ့မနက် အစောပိုင်းမှာ ကရင်အမျိုးသားစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်ယူ/ကေအန်အယ်လ်အေ) တပ်မဟာ ၅ က တက်ရောက်သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

နယ်စပ်ဘက်ကို မြန်မာစစ်သားတွေ ထွက်ပြေးလာခဲ့ပြီး ကေအန်အယ်လ်အေကလည်း လိုက်လံပစ်ခတ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။ 

ထိုင်းဘက်ခြမ်းက ရွာသားတဦး သေနတ်ထိမှန်သေဆုံးသွားခဲ့ပြီး ထိုင်းစစ်တပ်ကလည်း ဒီမနက်ရောက်ရှိလာကာ နေရာယူထားတယ်လို့ ထိုင်းနိုင်ငံဘက်ခြမ်းမှာနေတဲ့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

“မနက် ၅ နာရီလောက်က မိုးမလင်ခင် မနက်အစောပိုင်းလောက်က စပြီးပစ်နေကြတာ။ အသံတွေ ဆူညံနေတာပဲ။ မိုးလင်းတော့ ဗမာစစ်သားတွေ ထိုင်ဘက်ကမ်း ထွက်ပြေးလာတာ မြင်ရတယ်။ စခန်းတွေလည်း မီးလောင်နေတာ တွေ့ရတယ်။ ထိုင်းဘက်မှာနေတဲ့ ရွာသားတစ်ဦးတော့ သေနတ်မှန်လို့ သေသွားတယ်။ ထိုင်းစစ်တပ်ကလည်း အခုမနက်မှာ ထိုင်းဘက်ခြမ်း စောလယ်ထရွာကို ရောက်လာတယ်။ ထိုင်းရွာသားတွေကို ရွှေ့ပြောင်းပေးနေတယ်။ ထိုင်းစစ်တပ်လုံခြုံရေးယူ ပြင်ဆင်ထားတာလည်း တွေ့တယ်။”

အခု သိမ်းယူခဲ့တဲ့ စစ်ကောင်စီရဲ့ သော်လယ်ထာစခန်းဟာ ပြီးခဲ့တဲ့လက ထိုင်းဘက်ခြမ်းကနေ ရိက္ခာတွေ ပို့ပေးဖို့ ကြိုးစားခဲ့ဖူးတဲ့ စခန်းလည်း ဖြစ်ပါတယ်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့တုန်းကလည်း ထိုင်း-မြန်မာနယ်စပ်ရှိ ထီးမူထာ စစ်ကောင်စီ စခန်း တစ်ခုကိုလည်း ကေအန်အယ်လ်အေ တပ်မဟာ ၅ က တက်ရောက်သိမ်းယူခဲ့ပြီး ဖြစ်ပါတယ်။

7 months Ago
Up