ကေအန်ယူ လုံခြုံရေးယူ

March 5, 2021

စစ်အာဏာရှင်ကျဆုံးရေး ဖာပွန်ခရိုင်တွင် ပြည်သူသိန်းချီဆန္ဒပြ၊ ကေအန်ယူက လုံခြုံရေးယူပေး

စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက်  ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ  ၅ ၊ ဖာပွန်(မူတြော်)ခရိုင်က တိုင်းရင်းသားဒေသခံ ပြည်သူ ၁၀၀၀၀ ကျော်ဟာ  မတ်လ ၅ ရက် မနက်က သပိတ်စစ်ကြောင်း နှစ်ကြောင်းခွဲကာ ကရင်ပြည်နယ်၊ ဖာပွန်မြို့နဲ့၊ ကမမောင်းမြို့တွေမှာ  ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြပွဲကို တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘူးသိုမြိုနယ်နဲ့ ဒွယ်လိုးမြို့နယ်အတွင်းက ဒေသခံတိုင်းသားတွေက ဝှေ့မှုံကျေးရွာသပိတ်စစ်ကြောင်းနဲ့ချီတက်ခဲ့ပြီး  ဖာပွန်မြို့နဲ့ ဝါးသိုးခိုကျေးရွာသပိတ်စစ်ကြောင်းက မြို့ခံပြည်သူနဲ့ ကမမောင်းမြို့တွင်းနဲ့ ဖာပွန်မြို့တွင်းမှာ ချီတက် ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြရာမှာ ဗမာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ဗမာ့တပ်မတော်နဲ့ ပူးပေါင်းမပါဝင်ရေး၊ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေနဲ့ ဆန္ဒပြပြည်သူတွေကို ပြန်လွှတ်ပေးရေးစတဲ့ အချက် ၇ ချက်ကို တောင်းဆိုကြွေးကြော်ကာ ဆန္ဒပြခဲ့တာပါ။  

စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒပြသပိတ်စစ်ကြောင်း ချီတက်ရာ လမ်းကြောင်းတလျှောက် ဆန္ဒပြပြည်သူတွေ ငြိမ်းချမ်းစွာဆန္ဒပြနိုင်ဖို့အတွက် ကေအန်ယူ တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက အနီးကပ်လုံခြုံရေးနဲ့ လမ်းကြောင်းလုံခြုံရေးတွေ ရယူပေးခဲ့ပါတယ်။

9 months Ago
Up