ကေအန်ယူ တပ်မဟာ ၅ နယ်မြေ

September 9, 2021

ဖာပွန်ခရိုင်၌ စစ်တပ်က ကရင်ရွာသားအချို့ကိုသတ်ဖြတ်ပြီး ရိက္ခာနှင့်အဖိုးတန်ပစ္စည်းများကို ခိုးယူ

ကေအန်ယူ တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း၊ မဲဝိုင်တိုက်နယ်ရှိ ကျေးရွာတချို့ကို စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့တွေက  ဝင်ရောက်ပြီး အနည်းဆုံး ရွာသား ၁ ဦးကို သတ်ဖြတ်ကာ ကရင်ရွာသားတွေရဲ့ နေအိမ်တွေမှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေ၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့   စားနပ်ရိက္ခာတွေ ခိုးယူသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ခမရ ၄၀၄ နဲ့ ခလရ ၉၇ တပ်တွေက   မဲဝိုင်တိုက်နယ်ရှိ ကတီခီး၊ ခေါးဖိုးခီး စတဲ့ကျေးရွာ ၃ ရွာကို  ထိုးစစ်ဆင်ဝင်လာရောက်လာပြီး  စက်တင်ဘာ ၃ ရက်မှ ၇ ရက်အထိ  ၅ ရက်ကြာ တပ်စွဲနေတာကြောင့် ဒေသခံ ကရင်ပြည်သူတွေ ရွာထဲကနေ တိမ်းရှောင်ထွက်ပြေးကြရတာပါ။

ခုလိုရွာသားတွေ ထွက်ပြေးသွားတာကို အခွင့်ကောင်းယူပြီး စစ်ကောင်စီတပ်တွေက  ရွာတွင်းမွေးမြူထားတဲ့ အိမ်မွေးကြက်၊ ဝက် ဘဲ၊ ဆိတ်၊ နွားအစရှိ တိရစ္ဆာန်တွေနဲ့ စားနပ်ရိက္ခာ  ဆန်တွေသာမက  အိမ်တွင်းအဖိုးတန်ပစ္စည်းတွေပါ ခိုးယူသွားတာလို့ ဒေသခံ ရွာသားက ပြောပါတယ်။

ဒါ့အပြင် ရွာသား ၁ ဦးကိုလည်း စစ်တပ်ကသတ်သွားကာ အိမ်နဲ့မနီးမဝေး နေရာမှာ မြှုပ်နှံထားခဲ့ပြီး  ရွာသားတချို့လည်း ပျောက်ဆုံးနေပါတယ်။

စစ်ကောင်စီက ခုလို ထိုးစစ်ဆင်နေတာကို ကရင်ပြည်သူလူထုက လက်မခံနိုင်ကြောင်းနဲ့ အခုလို ထိုးစစ်ဆင်တာကို ချက်ချင်းရပ်တန့်ဖို့ရွာသားတွေက တောင်းဆိုပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်ကလည်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းမှာ အကြမ်းဖက်စစ်တပ်က ထိုးစစ်တိုက်ခိုက်ပြီး ရွာသားတွေရဲ့ နေအိမ်မီးရှို့ဖျက်ဆီးတာနဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့် သတ်ဖြတ်တာရှိခဲ့ဖူးပါတယ်။

1 month Ago
Up