ကလေး ၂ ဦး ကားအတွင်းပစ်ထည့်ခဲ့သည့် ဗျောက်အိုးကြောင့် ကားမီးလောင်

March 1, 2016

ကလေး ၂ ဦး ကားအတွင်းပစ်ထည့်ခဲ့သည့် ဗျောက်အိုးကြောင့် ကားမီးလောင် (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ဂွမ်ကျိုးခရိုင်၊ လူပန်ရွှီးမြို့မှာ ရပ်ထားတဲ့ကားတစီး အတွင်းကို ကလေး ၂ ဦး ပစ်ထည့်ခဲ့တဲ့ ဗျောက်အိုးကြောင့် ကားမီးလောင်ကျွမ်းခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖေဖော်ဝါရီ ၂၉ ရက်နေ့က ဖော်ပြပါတယ်။ ကားပိုင်ရှင်ဟာ လမ်းကြားတခုတွင်း ရှေ့ခန်းတံခါးကိုမပိတ်ဘဲ ကားရပ်ထားခဲ့စဉ်မှာ လမ်းထဲဆော့ကစားနေတဲ့ ကလေးတွေထဲက ၂ ဦးက ကားတွင်း ဗျောက်အိုးတွေ ထည့်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။ အချိန် ၁၀ မိနစ်လောက် အကြာမှာတော့ မီးခိုးလုံးတွေ အူတက်လာခဲ့ပြီးနောက် ကားအမိုးကို မီးစတင်လောင်ကျွမ်းခဲ့တာပါ။ ကားပိုင်ရှင်ဟာ အလျင်အမြန်လာရောက် မီးငြှိမ်းသတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ကားတစီးလုံး အတွင်းပိုင်း မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ မီးလောင်ကျွမ်းမှုကို မီးသတ်သမားတွေက ငြှိမ်းသတ်ပေးခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိသူတော့ မရှိခဲ့ပါဘူး။ ခုလို ကားမီးလောင်ကျွမ်းမှုအတွက် ကလေး ၂ ဦးရဲ့ မိဘတွေက ကားပိုင်ရှင်ကို ပြင်ဆင်စရိတ် ယွမ်ငွေ ၂ သောင်း (အမေရိကန်ဒေါ်လာ ၃၀၅၂) ပေးလျော်ခဲ့ကြရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒါပေမယ့် အများစုကတော့ မိဘတွေအနေနဲ့ သူတို့ကလေးတွေကြောင့် ခုလိုဖြစ်ရတဲ့အတွက် လျော်ကြေးငွေ ပိုပေးသင့်တယ်လို့ ဝေဖန်နေကြတာပါ။ ဟိုလီဇူးအမည်နဲ့ ဝေဘို တရုတ်အင်တာနက် လူမှုကွန်ရက် အသုံးပြုသူတဦးက “ကလေးတယောက်ရဲ့ အမှားကြောင့် ခုလိုဖြစ်ရတာလေ။ မိဘတွေမှာ တာဝန်ရှိပါတယ်။ ယွမ်ငွေ ၂ သောင်းဆိုတာ ကားတစီးဝယ်ဖို့အတွက် အလှမ်းဝေးပါတယ်” လို့ ဝေဖန်ရေးသားခဲ့ပါတယ်။ ရှောင်ဘိုရှီအမည်နဲ့ ဝေဘိုအသုံးပြုသူကတော့ “ကလေးတွေကို ခုထက်ပိုပြီး အသိပညာ ပေးသင့်တယ်။ ဒီလိုမှမဟုတ်ရင်တော့ နောက်တကြိမ်ဆို သေတဲ့အထိဖြစ်နိုင်တယ်” လို့ ပြောလိုက်တာပါ။
6 years Ago
Up