ကလေး-ဟားခါးကားလမ်း ဆိုးရွားစွာ ပျက်စီး

August 7, 2015

ကလေး-ဟားခါးကားလမ်း ဆိုးရွားစွာ ပျက်စီး (ဓာတ်ပုံ)

ကလေး-ဟားခါးလမ်း ပျက်ဆီးနေပါတယ်။ လက်ရှိ အချိန်မှာတော့ ကလေးမြို့ကနေ ဖလမ်းမြို့အထိ ကားငယ်တွေသွားလို့ ရနေပါတယ်။ ဒါပေမယ့် ဒေသခံတွေပဲ မောင်းနင်သင့်တဲ့လမ်းအနေအထားဖြစ်နေပြီး ချင်းတောင်တက်လိုင်းကား ကလေးဂျစ်တွေနဲ့ပဲ ဖြတ်သန်းနိုင်သေးတဲ့ အနေအထားဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖလမ်းမြို့ကနေ ဟားခါးကြားမှာတော့ မိုင်တိုင် ၁၀၂ နဲ့ ၁၀၇ မှာ ဆိုးဆိုးရွားရွား ပျက်စီးနေပြီး ပြင်ဆင်နေတာကိုလည်း တွေ့မြင်ရပါတယ်။ အဲ့ဒီပျက်စီးနေတဲ့လမ်း ၂ နေရာကြောင့် ဟားခါးမြို့ကားတွေလာလို့ မရသေးသလို အခြေခံစားနပ်ရိက္ခာနဲ့ လောင်စာဆီ ဈေးနှုန်းမြင့်တက်နေပြီး အလှူ ပစ္စည်းတွေရောက်ရှိဖို့လည်း အခက်အခဲဖြစ်နေပါတယ်။ ကလေး-ဟားခါးလမ်းမှာ ကားလေးတွေသွားလာနိုင်အောင် အမြန်ဆုံးပြုပြင်နေပြီး ဒီရက်သတ္တပတ်အတွင်းမှာ သွားလာနိုင်မယ်လို့ ပြည်သူ့ဆောက်လုပ်ရေးအရာရှိ တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ လက်ရှိမှာတော့ ကလေးမြို့ကနေ ဟားခါးအထိ ဆိုင်ကယ်နဲ့သွားလာနိုင်ပြီး လမ်း ၃ နေရာလောက်မှာတော့ ခက်ခက်ခဲခဲ ဖြတ်သန်းရတာကိုတွေ့မြင်ရပါတယ်။ မိုးပြင်းပြင်းထန်ထန် ထပ်မရွာဘူးဆိုရင်တော့ ဒီ ၁ ရက် ၂ ရက်အတွင်း လမ်းပြန်ကောင်းလာနိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။ (ဒီဓါတ်ပုံတွေကတော့ကလေး ဟားခါးလမ်းပိုင်းပျက်ဆီးနေတာကို သြဂုတ်လ ၅ ရက်နဲ့ ၆ ရက်နေ့က မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။) သတင်းနှင့် ဓာတ်ပုံ- သူရိန်၊ ဖိုးကျော်
6 years Ago
Up