ကလေးမြို့နယ် လက်ဆေးကန်တောင်အဆင်း

October 11, 2017

ကလေးမြို့နယ် လက်ဆေးကန်တောင်အဆင်း သစ်တင်ကား တိမ်းမှောက်၊ လူ ၄ ဦးသေဆုံး

ဒီနေ့ မနက် ၂ နာရီလောက်က ကလေးမြို့နယ် ကံအောင်ရွာအနီး ကလေး-မော်လိုက်ကြီး လမ်းပိုင်းပေါ်ရှိ သမိုင်းဝင်လက်ဆေးကန် တောင်အဆင်း သစ်လုံးတွေ တင်ဆောင်လာတဲ့ ကားတစီး တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။ စခန်းကြီးရဲကင်းစခန်း စခန်းမှူး ရဲအုပ်လယ်မန်းက “လမ်းပိုင်းအမှတ် ၂၂/၂၃ နား လက်ဆေးကန်ကနေ ကလေးနယ်ဘက်ကိုအဆင်းမှာ ဘရိတ်ပေါက်ပြီး လမ်းညာဘက်ကို ထိုးကျခဲ့တာပါ။ အဲဒီကားပေါ်မှာ သစ်လုံးတွေပါပြီး ယာဉ်မောင်းအပါအဝင် အမျိုးသား ၈ ယောက်ပါပြီး ၄ ယောက်ကတော့ အဲဒီမှာတင် ဆုံးသွားခဲ့ပါတယ်။ ကျန် ၄ ယောက်ကတော့ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးကို အချိန်မီ ပို့ထားနိုင်လို့ စိုးရိမ်စရာတော့ မရှိဘူး”လို့ စခန်းကြီးရဲကင်းစခန်း စခန်းမှူး ရဲအုပ်လယ်မန်းက ဆိုပါတယ်။ တိမ်းမှောက်ခဲ့တဲ့ ယာဉ်ဟာ GMC Truck အမျိုးအစား ကုန်တင်ကားဖြစ်ပြီး ယာဉ်မောင်းသူ ရန်မျိုးအောင်ရွာနေ မျိုးထက်အောင် အပါအဝင် ကောင်းမင်းကျော်နဲ့အတူ ကံအောင်ရွာမှာ နေထိုင်တဲ့ အဲနိုင်(ခ) ထွန်းနိုင်လင်းနဲ့ ငြိမ်းချမ်းအောင်တို့ ၄ ဦး သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ ကံအောင်ရွာမှာနေထိုင်တဲ့ အမျိုးသား ၃ ဦးနဲ့ ရန်မျိုးအောင်ရွာနေ အမျိုးသား ၁ ဦးတို့ကတော့ ကံကောင်းစွာနဲ့ ဒဏ်ရာသာရရှိခဲ့ပြီး ကျန်လေးဦးကတော့ ဦးဆက်ပွင့်ဒဏ်ရာ ခေါင်းပေါက်ဒဏ်ရာ ၀မ်းဗိုက်ပေါက် ကျောရိုးပြုတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတာလို့ သိရပါတယ်။ တိမ်းမှောက်ခဲ့တဲ့ ယာဉ်ပေါ်မှာတော့ သစ်လုံး ၉ လုံး တင်ဆောင်ထားပြီး တန်ဖိုးနဲ့ တန် အရေအတွက်ကိုတော့ မော်လိုက်သစ်တော့ဌာနကို အပ်ပြီး တိုင်းတာမှု ပြုလုပ်နေတယ်လို့ လည်း ရဲအုပ်လယ်မန်းက ဆိုပါတယ်။ ဒီဖြစ်စဉ် မဖြစ်ခင် အောက်တိုဘာ ၁၀ ရက်နေ့ကလည်း ချင်းပြည်နယ် တောင်တက်လမ်း သိုင်းငင်းရွာအနီး သုံးထပ်ကွေ့မှာ ၆ ဘီးကုန်တင်ယာဉ် ပြုတ်ကျခဲ့တာကြောင့် အမျိုးသမီး ၅ ဦး သေဆုံးခဲ့ရပြီး ဒီနေ့ မနက်ပိုင်း ၈ နာရီလောက်ကလည်း ချင်းပြည်နယ် သိုင်းငင်း သုံးထပ်ကွေ့မှာပဲ ဆာ့ဖ်အမျိုးအစားယာဉ်တစီး ကျခဲ့ပြီး ကားပေါ်ပါသူများကို ရှာဖွေနေဆဲ ဖြစ်တယ်လို့ ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူးထံက သိရပါတယ်။ သတင်း - မင်းရဲစစ်နိုင်
4 years Ago
Up