ကလေးမြို့နယ်တွင် ဖမ်းဆီး

March 22, 2017

လက်နက်အချို့နှင့် မူးယစ်ဆေးများ ကလေးမြို့နယ်တွင် ဖမ်းဆီး

မတ်လ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ကလေးမြို့တောင်ဘက် ၂၇ မိုင်ခန့်ဝေးတဲ့ အင်းဒင်ကျေးရွာအနီး ကကျော်တောတိုက် တဲအတွင်းမှာ မူးယစ်ဆေး ချဲထီလောင်းကစားနဲ့ လက်နက်အချို့ကို အမျိုးသား ၄ ဦးနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ ကလေးမြို့ မြို့မရဲစခန်းက ရဲအုပ်သိန်းဆောင်က ပြောပါတယ်။ “မူးယစ်ဆေးဝါး သတင်းရလို့ တပ်ဖွဲ့ဝင်တွေ စုပြီး သက်ဆိုင်ရာ ရပ်ကွက်လူကြီးနဲ့အတူ သွားရှာဖွေတယ်။ အဲ့ဒီမှာပဲ ဘိန်းမည်းရယ်၊ ချဲစလစ်တွေရယ်၊ နောက်ပြီး လက်နက်နဲ့ လက်နက် အသုံးပြု ခဲသီးယမ်း အဲဒါတွေကိုပါ တွေ့ခဲ့တယ်။ အဲဒီမှာရှိတဲ့ အမျိုးသား ၄ ဦးကိုလည်း တခါတည်း ဖမ်းဆီးမိခဲ့တယ်” လို့ ရဲအုပ်သိန်းဆောင်က ပြောပါတယ်။ ဖမ်းဆီးရမိမှုမှာ ဘိန်းမည်း ၃ ဒသမ ၇ ဂရမ်၊ ဘိန်းမည်းအသုံးပြုရာမှာ သုံးစွဲတဲ့ အကူပစ္စည်းတွေနဲ့ ချဲထီစလစ် ၃ ရွက်၊ အရှည် ၄ ပေကျော်ရှိတဲ့ လက်လုပ်သေနတ် တူမီး ၂ လက်၊ ကျည်ခဲသီး ၂၅ လုံးနဲ့ ယမ်း ၆၅ ဂရမ်တို့ ဖြစ်တယ်လို့ သိရပါတယ်။ ဘိန်းမည်း၊ ချဲထီနဲ့ တူမီးသေတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရသူတွေကတော့ ဇာဝီ(ခ) စောသိန်းထွေး၊ စိုးမင်းသန်း၊ ဇော်မြင့်နဲ့ အောင်ဝင်းဆိုတဲ့ အမျိုးသား ၄ ဦးကို လောင်းကစားပုဒ်မ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ အပြင် တရားမဝင်လက်နက် ကိုင်ဆောင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မတွေ စတာတွေနဲ့ ရဲအုပ်သိန်းဆောင်က တရားလိုပြုပြီး အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း - မင်းရဲစစ်နိုင်
5 years Ago
Up