ကလေးမြို့နယ်တွင်

April 29, 2017

ကလေးမြို့နယ်တွင် လင်မယားနှစ်ဦးအား လူကုန်ကူးမှုဖြင့် ဖမ်းဆီး

ကလေးမြို့နယ် နတ်ချောင်းကျေးရွာအုပ်စု ချောင်းခွကျေးရွာမှာနေတဲ့ လင်းမယား နှစ်ဦးကို လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်စုက ဧပြီ ၂၈ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးလိုက်ပါတယ်။ “ပထမ ချောင်းခွရွာက လူကုန်ကူးခံရတဲ့ မိသားစုဝင်အချို့ဆီက အကြောင်းသိရလို့ အဲ့ဒီချောင်းခွကို သွားစုံစမ်းတယ်။ အဲ့ဒီမှာ ချောင်းခွရွာက လူကုန်ကူးတဲ့ လင်မယားကို တွေ့တာနဲ့ ဖမ်းဆီးခဲ့တယ်။ လူကုန်ကူးခံရတာက စုစုပေါင်း ၁၄ ဦးလို့ သိရတယ်။ ဒါပေမယ့် ခုတော့ အဲ့ဒီ ၁၄ ဦးထဲက မိသားစုနဲ့ အဆက်အသွယ်ရနေတဲ့ လူ ၅ ဦးကိုပဲ သိထားသေးတယ်။ ကျန်တာတော့ ဆက်စုံစမ်းမှု ပြုလုပ်သွားမှာ ဖြစ်တယ်” လို့ အမှတ် ၁၄ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု တပ်ဖွဲ့စိတ် ၁ ကလေးမှ ရဲအုပ် ၀င်းလှိုင်က ပြောပါတယ်။ လူကုန်ကူးခံရသူတွေဟာ အခုနှစ် ဇန်န၀ါရီ လပိုင်းကတည်းက တဖက်နိုင်ငံကို ပို့ခံရတာဖြစ်ပြီး မိသားစုနဲ့ အဆက်အသွယ်ရသူ ၅ ဦးကတော့ တရုတ်နိုင်ငံ ရှန်တုန်းမြို့ ၀မ်းတုံမြို့နယ်အတွင်းက ဘဲမွေးမြူရေးခြံမှာ အလုပ်လုပ်နေပြီး လုပ်ခ လစာ မရရှိပဲ အလုပ်လုပ်ပေးနေရတယ်လို့ သိရပါတယ်။ “တရွာတည်း အတူနေတာ။ အဲ့ဒီ အမျိုးသမီးက တရုတ်ဘက်မှာ အလုပ်ကောင်းတယ်။ ဖုန်းအခွံကာဘာတွေ လုပ်တဲ့ စက်ရုံမှာ လူလိုတယ်။ သားကို အလုပ်လွှတ်ဖို့ ပြောတယ်။ ပို့ခ ၄ သိန်းခွဲရယ်၊ လမ်းစရိတ် ၅ သောင်းရယ်၊ စုပေါင်း ၅ သိန်းပေးရမယ်။ လစာရရင် မြန်မာငွေနဲ့ ၁ လ ၄ သိန်းရမယ်ပြောလို့ သားကို ထည့်လိုက်တာ။ ပိုက်ဆံတောင် အမျိုးသမီးဆီပေးတာ မယူပဲ မူဆယ်မှာ စောင့်နေတဲ့ သူ့ယောက်ျားပေးပါဆိုလို့ သားနဲ့ ထည့်ပေးလိုက်တယ်” လို့ လူကုန်ကူးခံရတဲ့ အမျိုးသားတဦးရဲ့ ဖခင်က ဆိုပါတယ်။ တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်ပြီး လစာမရရှိတဲ့ လူ ၅ ဦးကို လတ်တလောမှာ ကယ်ဆယ်နိုင်ခြင်း မရှိသေးသလို ကျန် အဆက်အသွယ် မရတဲ့ လူ ၉ ဦးလည်း ရှိနေတဲ့အတွက် ရဲတပ်ဖွဲ့အနေနဲ့ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပြီး လူကုန်ကူးခဲ့သူ လင်မယားကတော့ နတ်ချောင်းအုပ်စု ချောင်းခွရွာနေ ပေါက်စ (ခ) ဒေါ်နယ်ထန်း နဲ့ ဇနီးဖြစ်သူ မမွဲသယ်(ခ) မဗန်ရဲမ်းမွှေးတို့  ဖြစ်တယ်လို့ သိရပါတယ်။ လူကုန်ကူးခံရသူ စုစုပေါင်း ၁၄ ဦးမှာ ချောင်းခွရွာက ၁၁ ဦးနဲ့ ဟားခါးလေးရွာက ၃ ဦး ဖြစ်ပြီး အမျိုးသမီးအချို့လည်း ပါဝင်နေပါတယ်။ အဲ့ဒီအတွက် လူကုန်ကူးသူ ပေါက်စ နဲ့ ဇနီးဖြစ်သူ မမွဲသယ်တို့ကို ရဲအုပ်ဝင်းလှိုင်က တရားလိုပြုပြီး လူကုန်ကူးပုဒ်မ ၂၅ နဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မင်းရဲစစ်နိုင်
4 years Ago

March 11, 2017

ကလေးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် မသန်စွမ်းကျောင်းသားအချို့အခက်တွေ့

အခုနှစ် တက္ကသိုလ် ၀င်တန်းကို ဖြေဆိုနေတဲ့ ကလေးမြို့ မသန်စွမ်းကျောင်းသားအချို့ ဖြေဆိုရာမှာ အခက်အခဲတွေ ရှိနေပါတယ်။ အဲ့ဒီအခက်အခဲတွေနဲ့ ပတ်သက်ပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုနေတဲ့ မသန်းစွမ်းကျောင်းသူ မထူးထူးမွန်က “ဒီနှစ် ဖြေဆိုရတာ ကျမအတွက် အစားထိုး ရေးပေးမယ့်သူ စီစဉ်ပေးတယ်။ ဒါပေမယ့် အဲ့ဒီစီစဉ်ပေးတဲ့သူနဲ့က တခါမှ မတွေ့ စကားမပြောဖူးဘူး။ ပြီးတော့ ယောကျာ်လေး ဖြစ်နေတယ်။ ဘာခက်ခဲတာလဲဆိုတော့ ပထမ ကျမစကား လေသံကို သူက နားမလည်တော့ ပြန်ပြန်ပြောရတယ်။ အင်္ဂလိပ်မှာ အသံထွက် မမှန်တော့ ပိုခက်တယ်။ ကျမပြောတာက တမျိုး သူရေးတာကတမျိုး၊ ဖြစ်နေတော့ မကြာသင့်ပဲ ကြာတယ်” လို့ ပြောပါတယ်။ မသန်စွမ်းသူလေး တက္ကသိုလ်ဝင်တန်းကျောင်းသူ မထူးထူးမွန်ဟာ အခုနှစ်ဆိုလျှင် တက္ကသိုလ်ဝင်တန်းကို ဒုတိယအကြိမ်ဖြေဆိုတာဖြစ်ပြီး စကားပြောရာမှာလည်း စကားပီသကြည်လင်မှု အားနည်းနေပါတယ်။ မထူးထူးမွန်မှာ ခြေလက်အင်္ဂါမပြည့်စုံသူဖြစ်ပြီး စာကို ကိုယ်တိုင်ရေးသားနိုင်ပေမယ့် အချိန်ကြာကြာရေးသားနိုင်ခြင်း မရှိဘဲ နာရီဝက်လောက်သာရေးသားနိုင်ပြီး နာရီဝက်ကျော်လာလျှင် လက်တွေ နာလာတဲ့ အခက်အခဲရှိနေပါတယ်။ မသန်စွမ်းကျောင်းသားကျောင်းသူတွေ စာမေးပွဲနဲ့ ပတ်သက်ပြီး ဘောဒါကျောင်းဆရာတဦးက “ဇာတ်ပွဲတွေ ပြဇာတ်တွေမှာတောင် ပညာရှင်တွေဖြစ်ပြီး တန်းကလို့မရဘူး။ ဇာတ်တိုက်လေ့ကျင့်ရသေးတယ်။ ခုဟာက တခါမှ မတွေ့ မရင်းနှီးသူကို စာရေးအကူလုပ်ခိုင်းတော့ စကားမပီသူအတွက် အခက်အခဲ လုံးဝဖြစ်စေတယ်။ နောက်ထပ်ဖြေမယ့် သိပ္ပံဆိုင်ရာ ဘာသာရပ်တွေမှာ ပိုခက်ခဲလာမယ်လို့ ယူဆတယ်” လို့လည်း ပြောပါတယ်။ မသန်စွမ်းကျောင်းသားတွေ စာမေးပွဲဖြေဆိုဖို့ စီစဉ်ပေးမှုအခြေနေနဲ့ပတ်သက်ပြီး ကလေးမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်သိန်းက “ပညာရေးဌာန မူအတိုင်း သူတို့ ဖြေရမယ့် စာဖြေဌာနကို စာမေးပွဲ မဖြေခင် ကူဖြေပေးဖို့ ၁၀ ယောက်စားရင်းတောင်းတယ်။ အဲဒီထဲကမှ တကယ် လာနိုင်မယ့်သူကို ခေါ်ပေးမယ်။ ၉ တန်းကျောင်းသားတွေကို ကူခိုင်းတယ်။ အချိန်အတွက် သာမန်ကျောင်းသားတွေထက် နာရီဝက်လည်း ပိုပေးထားတယ်” လို့ဆိုပါတယ်။ ကလေးမြို့ ၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ စာဖြေဌာန (၁၅) ခုဖွင့်လှစ်ပြီး ကျောင်းသား/သူပေါင်း ၈၉၆၈ ဖြေဆိုနေတဲ့အထဲမှာ မသန်စွမ်းကျောင်းသား (၂) ဦးသာ ပါဝင်ပြီး တစ်ဦးက ဆွံ့အနားမကြားသူဖြစ်ပြီး တဦးကတော့ ခြေလက်အင်္ဂါ ချို့တဲ့ မသန်စွမ်းကျောင်းသူ ဖြစ်တယ်လို့ သိရပါတယ်။ မင်းရဲစစ်နိုင်
5 years Ago
Up