ကလေးမွေးဖွားနှုန်း မြင့်တက် (ရုပ်သံ)

May 29, 2017

ဖိလစ်ပိုင်တွင် ဆယ်ကျော်သက် ကလေးမွေးဖွားနှုန်း မြင့်တက် (ရုပ်သံ)

မေလ ၂၆ ရက်၊ ၂၀၁၇ ခုနှစ် ဖိလစ်ပိုင်နိုင်ငံမှာ အသက် ၁၅ နှစ်မှ ၁၉ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေး ၁၀ ဦးမှာ ၁ ဦးက ကလေးအမေ ဖြစ်နေကြောင်း ကုလသမဂ္ဂထုတ်ပြန်ချက်အရ သိရတယ်လို့ ဘီဘီစီသတင်းမှာ ရေးထားပါတယ်။ ကမ္ဘာတဝန်းလုံးမှာ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုနှုန်း ကျဆင်းလာပေမယ့် ဖိလစ်ပိုင်နိုင်ငံမှာတော့ အမြန်နှုန်းနဲ့ တိုးမြင့်လာနေတယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာရှိတဲ့ ဒေါက်တာဂျိုးဇ်ဖဲဘယ်လာ မမ်မိုရီယယ်ဆေးရုံကြီးမှာ ကမ္ဘာ့အကြီးဆုံး သားဖွားလူနာဆောင်တွေရှိပြီး ထူးထူးဆန်းဆန်း ဆယ်ကျော်သက် သားဖွားမိခင်နှုန်း မြင့်မားမှုနဲ့အတူ ဒီဆေးရုံကို “ကလေးထုတ်စက်ရုံ” လို့ လူသိများပါတယ်။ ဒီဆေးရုံမှာ နှစ်စဉ် မိခင်လောင်း ၂၀,၀၀၀ လောက်ကို မွေးဖွားပေးရပြီး သူတို့ထဲက အများစုက ဆယ်ကျော်သက်တွေ ဖြစ်တယ်လို့ သိရပါတယ်။ ဆေးရုံတာဝန်ရှိသူ ဒေါက်တာတဦးက နှစ်တိုင်း ဆယ်ကျော်သက် မိန်းကလေး ၂၅၀၀ ကို မွေးဖွားပေးရကြောင်း၊ ဆေးရုံမှာ ချည့်နဲ့တဲ့ ခုတင် ၂ လုံးကိုပူးပြီး ခုတင်တလုံးမှာ မိခင် ၂ ဦးနဲ့ သူတို့ရဲ့ ကလေးတွေ ကန့်လန့်ဖြတ်ပြီး နေကြောင်း၊ ခုတင် ၂ လုံးမှာ ကလေးတွေအပါအဝင် လူ ၈ ဦးဖြစ်နေလို့ လာရောက်မွေးဖွားတဲ့ မိခင်တွေအတွက် သက်သောင့်သက်သာ မရှိကြောင်း ပြောပါတယ်။ ဆေးရုံမှာ ၃ ယောက်မြောက် ကလေးကို လာမွေးတဲ့ မိခင်က အသက် ၁၉ နှစ်သာ ရှိသေးကြောင်း ပထမကလေးကို မွေးဖွားစဉ်မှာ သူမ အသက်က ၁၃ နှစ်သာ ရှိသေးကြောင်း၊ ဒါကြောင့် သူ့အတွက် အရမ်းစိတ်ပူတယ်လို့ တာဝန်ရှိ ဆရာဝန်မက ပြောပါတယ်။ “ဒီလို ဆယ်ကျော်သက် မိခင်တွေ များနေတာက အဓိက ပညာရေးအားနည်းလို့ပဲလို့ ကျမထင်တယ်။ သူတို့တွေ လိင်နဲ့ပတ်သက်တဲ့ ဗဟုသုတပညာရေးကို သိနေရမယ်၊ ကျမတို့ နိုင်ငံက ကက်သလစ်ဘာသာ ကိုးကွယ်တဲ့ နိုင်ငံဆိုတော့ လိင်ပညာရေးကို သိပ်မလုပ်ဘူး၊ လိင်ပညာပေးလုပ်ငန်းကို လုပ်ဖို့ ကျောင်းတွေ မိဘတွေက ငြင်းကြတယ်။ တာဝန်ရှိသူတွေက လုံချစိတ်ချရတဲ့ လိင်မှုကိစ္စပြုလုပ်တာလိုမျိုး အကြောင်းအရာတွေကို ကျမတို့တိုင်းပြည်က အမျိုးသမီးငယ်လေးတွေ သိလာအောင် ပိုပြီးပညာပေးရမယ်လို့ ကျမ ထင်တယ်။”
4 years Ago
Up