ကလေးမွေးဖွား

May 21, 2019

ထိုင်းတွင် တိရစ္ဆာန်ဆေးကု ဆရာဝန်က မွေးလူနာကို ကူညီမွေးဖွားပေးသည့်ရုပ်သံ ရေပန်းစား

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဆောက်လုပ်ရေး အလုပ်သမား တန်းလျားရှိ မွေးလူနာတယောက်ကို အနီးရှိ တိရစ္ဆာန်ဆေးကု ဆရာဝန်မက အရေးပေါ် ကူညီ မွေးဖွားပေးလိုက်တဲ့ ရုပ်သံ ရေပန်းစားပြီး အဲဒီဆရာဝန်မလေးကိုလည်း ချီးကျူးနေကြပါတယ်။ ဘန်ကောက် တလိန်ချန်းနယ်မြေ ချိမ်းဖရီလမ်းထဲရှိ ဆောက်လုပ်ရေး အလုပ်သမား တန်းလျားတခုမှာ ပြီးခဲ့တဲ့ မေလ ၁၉ ရက် ည ၇ နာရီလောက်က ကိုယ်ဝန်ဆောင်မိခင်တဦး ဆေးရုံသွားဖို့ တက္ကစီကားခေါ်ပေမယ့် တက္ကစီကားက ရပ်မပေးလို့ ကလေးမီးဖွားဖို့ အခက်အခဲ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အနီးရှိ တိရစ္ဆာန်ဆေးကုခန်းတခုကို သွားရောက် အကူအညီတောင်းခဲ့ပြီး ဆရာဝန်မလေးက သွားရောက်ကူညီ မွေးဖွားပေးခဲ့ပုံကို Min K Wg ဆိုသူ ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်တဦးက သူ့ရဲ့ လူမှုကွန်ရက်ပေါ် တင်ထားတာ ဝင်ရောက်ကြည့်ရှု အားပေးသူပေါင်း သိန်းနဲ့ချီသွားပါတယ်။ တိရစ္ဆာန်ဆေးကု ဆရာဝန်ဖြစ်ပေမယ့် ခွဲခြားမှုမရှိဘဲ အရေးပေါ်ချိန်မှာ ကလေးကို အောင်မြင်စွာ ကူညီမွေးဖွားပေးနိုင်သူ အဖြစ်လည်း ချီးကျူးနေကြပါတယ်။ သတင်းဌာနတွေက အဲဒီဆရာဝန်မလေးကို ဆက်သွယ်မေးမြန်းရာမှာ ဆရာဝန်မလေးဟာ အသက် ၃၄ နှစ်ရွယ်ရှိ ဒေါက်တာဝါရီယ လိုင့်ရုန့်ကျုံး ဆိုသူဖြစ်ပြီး အဲဒီညက အကူအညီ လာတောင်းတာနဲ့ လက်အိပ်စွပ်ပြီး ချက်ချင်းလိုက်သွားခဲ့တယ်၊ သူရောက်သွားချိန် ကလေးက အပြင်ကို ထွက်လာနေပြီးဖြစ်ပေမယ့် မလှုပ်မရှား ရေမြွှာတွေနဲ့ ပိတ်ဆို့နေလို့ ဆေးခန်းကို ခေါ်ခဲ့ပြီး ရေမြွှာတွေဖယ်ထုတ်၊ ပါးစပ်ထဲက အကျိအချွဲတွေ စုပ်ထုတ်လိုက်မှ ကလေးငိုသံ ထွက်လာတယ်၊ အဲဒီနောက် အရေးပေါ်ကယ်ဆယ်ရေးကားလည်း ရောက်လာပြီး ကလေးကို အောက်ဆီဂျင်တွေ သွင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ တိရစ္ဆာန်တွေကိုသာ မွေးပေးတဲ့ အတွေ့အကြုံရှိပြီး လူကို မမွေးပေးဘူးပေမယ့် အဲဒီ အရေးပေါ်ချိန်မှာ ကလေးအသက်ရှင်ဖို့ တခုတည်းသာ အာရုံရှိနေခဲ့ကြောင်း၊ လူပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ်  ကလေးက သူ့ဘာသာသူ ထွက်ကျလာရင် ရေမြွှာတွေကို အချိန်မီ မဖယ်ရှားနိုင်ဘူးဆိုရင် အသက်မရှူနိုင်ဘဲ သေဆုံးသွားနိုင်ကြောင်း၊ ကလေးမှာ ယောက်ျားလေးဖြစ်ပြီး အသက်ဘေးက လွတ်မြောက်ခဲ့လို့ သူ့အနေနဲ့ ဝမ်းသာပီတိဖြစ်ရကာ လူမှုကွန်ရက်ပေါ်က အားပေးစကားတွေကြောင့်လည်း ရှေ့ဆက်အလုပ်လုပ်ဖို့ ခွန်အားတွေ ပိုရလာတယ်လို့ သတင်းထောက်ကို ပြောသွားပါတယ်။
3 years Ago

August 19, 2017

ဦးလေးဖြစ်သူ အဓမ္မပြုကျင့်မှုကြောင့် ကိုယ်ဝန်ရခဲ့သည့် ၁၀ နှစ်သမီး ကလေးမွေးဖွား

အိန္ဒိယ တရားရုံးက ကလေးဖျက်ချခွင့်ကို ငြင်းပယ်တာခံရတဲ့ အဓမ္မပြုကျင့်ခံရသူ ဆယ်နှစ်အရွယ် မိန်းကလေးဟာ သြဂုတ် ၁၇ ရက်နေ့က ကလေးတယောက် မွေးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ကလေးတွေအပေါ် လိင်ပိုင်း အလွဲသုံးစားပြုမှုနဲ့ ပတ်သက်ပြီး ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ မိန်းကလေးကတော့ သူကိုယ်ဝန်ဆောင်ပြီး ကလေးမွေးခဲ့တာကို မသိခဲ့ပါဘူး။ ဗိုက်ထဲက ကျောက်ခဲကို ဖယ်ရှားဖို့ အစာအိမ်ကို ခွဲစိတ်ထားရတယ်လို့ သူ့မိဘတွေက သမီးဖြစ်သူကို ပြောခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ချန်ဒီဂါမြို့က အစိုးရ ဆေးကောလိပ်နဲ့ ဆေးရုံ ပါမောက္ခ အေကေ ဂျန်မေဂျာက မိန်းကလေးကို ခွဲစိတ်ပြီး ကလေးမွေးပေးခဲ့ပါတယ်။ ခုတော့ မွေးကင်းစကလေးရော၊ မိခင်ကလေးပါ အခြေအနေကောင်းပြီး ပြုစုစောင့်ရှောက်ပေးနေတယ်လို့ သူက ပြောပါတယ်။ တရားစီရင်ရေး လုပ်ငန်းစဉ် ပြီးစီးတာနဲ့ တပြိုင်နက် မွေးကင်းစ ကလေးငယ်ကို မွေးစားမယ်လို့ ကလေးသူငယ် လူမှုဖူလုံရေး အရာရှိ တယောက်က ပြောပါတယ်။ မိန်းကလေးကို သူ့ဦးလေး အရင်းက အဓမ္မ ပြုကျင့်ခဲ့တာ ဖြစ်ပြီး ခုတော့ သူဟာ အဖမ်းခံ ထားရတယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။ မိန်းကလေးဟာ အရင်လက အစာအိမ်အောင့်တယ်လို့ ပြောအပြီး ဆေးရုံကို ခေါ်လာချိန်ရောက်မှ ကိုယ်ဝန် သီတင်းပတ် ၃၀ ရှိနေတာကို သိခဲ့တာပါ။ အိန္ဒိယ ဥပဒေအရ ကိုယ်ဝန် သီတင်းပတ် ၂၀ ကျော်ရင် မိခင်ရဲ့ အသက်အန္တရာယ် မရှိဘဲ ကိုယ်ဝန်ဖျက်ချခွင့် တားမြစ်ပိတ်ပင်ထားပါတယ်။ မေလက တခြား ဆယ်နှစ်သမီးတယောက်ကို ပထွေးဖြစ်သူက အဓမ္မပြုကျင့်လို့ရတဲ့ ကိုယ်ဝန်ကို တရားရုံးတခုက ဖျက်ချခွင့် ပြုခဲ့ပါတယ်။ လတ်တလော နှစ်တွေအတွင်း အိန္ဒိယနိုင်ငံမှာ အလားတူ အမှုတွေ တိုးလာခဲ့ပါတယ်။ ၂၀၁၅ တနှစ်တည်းမှာ နိုင်ငံတွင်း ကလေးသူငယ်တွေကို အဓမ္မ ပြုကျင့်မှု ၁၀၈၅၄ မှု ရှိခဲ့တယ်လို့ အမျိုးသား ရာဇဝတ်မှုမှတ်တမ်း ဗျူရိုက ဆိုပါတယ်။ ဒါဟာ ၂၀၁၂ ဆေးကျောင်းသူကို သေဆုံးသည်အထိ အုပ်စုလိုက် အဓမ္မပြုကျင့်မှု နောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး သတိထားမိမှုနဲ့ အစီရင်ခံမှု မြင့်တက်လာတာကြောင့်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဒါပေမယ့် ကလေးတွေအပေါ် လိင်ပိုင်းအကြမ်းဖက်မှုက ဘာသာရေးနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံအရ မပြောအပ်တဲ့ အရာအဖြစ် လက်ခံကျင့်သုံးနေဆဲ ဖြစ်ပြီး အမှုအများစုကို တရားရုံးမှာ မတိုင်ကြားဘဲ ရှိနေဆဲပါ။
4 years Ago
Up