ကလေးမွေး

June 27, 2019

အဆိုတော် Pink ရှိုးပွဲတွင် မွေးဖွားခဲ့သည့် ကလေးငယ်ကို အဆိုတော်နာမည် အမှတ်တရပေး

ခုသီတင်းပတ်အတွင်း ဗြိတိန်နိုင်ငံ၊ လီဗာပူးမြို့မှာ ကျင်းပခဲ့တဲ့ နာမည်ကြီးအဆိုတော် Pink ရဲ့ ဖျော်ဖြေပွဲတခုမှာ ကလေးမွေးဖွားခဲ့တဲ့ ပရိသတ်တဦးကို Pink က ချီးကျူးဂုဏ်ယူကြောင်း အားပေးခဲ့ပါတယ်။ ရှိုးပွဲလာရောက်ကြည့်ရှုသူ အသက် ၃၂ နှစ်အရွယ် ဒန်းနိစ်ဂျုံးစ်ဟာ အန်းဖီးလ်ဒ်ကွင်းထဲမှာ ဇွန်လ ၂၅ ရက်နေ့က ကျင်းပခဲ့တဲ့ Pink ရဲ့ ဖျော်ဖြေပွဲကို လာရောက်အားပေးခဲ့ချိန်မှာ သမီးမိန်းကလေးတဦး မွေးဖွားခဲ့တာဖြစ်ပြီး သူ့ရဲ့နာမည်ကို Dolly Pink လို့ အမည်ပေးလိုက်တာပါ။ ဒီသတင်းနဲ့ပတ်သက်ပြီး အဆိုတော် Pink ကတော့ “Dolly Pink ကတော့ ပါတီစတာနဲ့ ပါချင်နေပြီ” လို့ အမှတ်တရ မှတ်ချက်ပေးလိုက်တာပါ။ ကလေးငယ်ဟာ မွေးဖွားလာချိန်မှာ ကိုယ်အလေးချိန် ၆ ပေါင် ၄ ဒသမ ၅ အောင်စရှိပြီး တာဝန်ကျ ဆေးဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ချောချောမောမော မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျုံးစ်ဟာ ဒီကိုယ်ဝန်ကို လွယ်ထားခဲ့ရတာ သီတင်းပတ် ၃၆ ပတ်နဲ့ ၅ ရက်ရှိခဲ့ပြီဖြစ်ကာ အချိန် ၅ မိနစ်အတွင်းမှာပဲ အခက်အခဲမရှိ မွေးဖွားနိုင်ခဲ့တာပါ။ တာဝန်ကျ ဆရာဝန်တွေဖြစ်ကြတဲ့ ဂျွန်မက်သရူးစ်နဲ့ ဒန်နီဘာ့ဂ်ျတို့ဟာ လူအုပ်စုကြီးထဲကနေ မွေးလူနာကို ညှိနှိုင်းခေါ်ထုတ်ခဲ့ပြီး ရှေးဦးသူနာပြု အခန်းထဲက စင်အောက်မှာ မွေးဖွားပေးခဲ့ကြပါတယ်။ ဒေါက်တာဘာ့ဂ်ျကတော့ ပရိသတ်တွေ လူအုပ်ကြီးတွေကြားကနေ ထုတ်သယ်ခွင့်ရအောင် ကူညီပေးတဲ့ ဝန်ထမ်းတွေကိုလည်း ချီးကျူးခဲ့တာပါ။ “တကယ်လို့များ ကျမတို့ သူတို့အုပ်စုကြီးကို မရှင်းနိုင်ခဲ့ရင် ကလေးကို ပရိသတ် ၄၆၀၀ ကြည့်နေတဲ့ကြားမှာ မွေးပေးခဲ့ရမှာ။ ဒီကလေးကတော့ Pink ရဲ့ သီချင်းထဲကလိုပေါ့။ ငါထွက်လာပြီ… မင်းတို့ ပိုမိုက်တဲ့ပါတီ စလို့ရအောင်။”
3 years Ago

June 3, 2019

အူဘာယာဉ်မောင်း၏ အကူအညီဖြင့် တက္ကစီပေါ်တွင် ကလေးမွေးသည့် အမျိုးသမီး

“ကျမကို ကလေးမွေးနိုင်ဖို့ ကူညီပေးခဲ့ပါတယ်” ဆိုတဲ့ ခရီးသည်တွေရဲ့ feedback တမျိုးကို အူဘာတက္ကစီကားတွေမှာ ထည့်သွင်းသင့်ကြောင်း သက်သေပြခဲ့တဲ့ ဖြစ်ရပ်တခု မကြာသေးခင်က အင်္ဂလန်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ ကရူနယ်ရူကလာလို့ခေါ်တဲ့ အူဘာတက္ကစီယာဉ်မောင်းတဦးဟာ မကြာသေးခင်က နေ့စေ့လစေ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနဲ့ သူ့မိသားစုကို လန်ဒန်အရှေ့ပိုင်းကနေ စိန့်သောမတ်ဆေးရုံကို လိုက်ပို့ဖို့ တင်ဆောင်လာခဲ့ပါတယ်။ ဒါပေမယ့် ကားထွက်ပြီး မိနစ်ပိုင်းအကြာမှာပဲ အမျိုးသမီးဟာ ကားပေါ်မှာတင် မီးဖွားခဲ့ပါတယ်။ ကလေးမိခင်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် လူဂူတီရတ်က “ကျမ ဗိုက်နာလာတယ်ဆိုတော့ ဒရိုင်ဘာက လူနာတင်ယာဉ်ခေါ်ပေးဖို့ ဖုန်းဆက်ခဲ့ပါတယ်။ ဒါပေမယ့် ကျမဗိုက်ထဲက ကလေးကတော့ ဒါကို မစောင့်နိုင်ခဲ့ပါဘူး” လို့ ပြောပါတယ်။ လူနာတင်ယာဉ် ရောက်လာတဲ့အချိန်မှာတော့ ကလေးလေးဟာ လူ့လောကကို ရောက်ရှိနေပြီ ဖြစ်ပြီး သတ်မှတ်ချိန်ထက် တပတ်လောက် စောမွေးခဲ့တာပါ။ လူဂူတီရတ်က “ကားဒရိုင်ဘာကြီးက ကျမတို့အတွက် အရမ်းအထောက်အကူဖြစ်ခဲ့ပြီး သူ့ကြောင့် အရာရာ အဆင်ပြေခဲ့တာပါ” လို့ ပြောပါတယ်။ အူဘာယာဉ်မောင်း ကရူနယ် ရူကလာကတော့ “ဒီအမျိုးသမီး ကားပေါ်မှာ မွေးမယ်မှန်းသိရင် လူနာတင်ယာဉ်တစီး ခေါ်ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။ အခုအချိန်မှာတော့ လူဂူတီရတ်တို့ မိသားစုဟာ ကလေးလေးကို ဘာနာမည်ပေးမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ သိရပြီး သူမရဲ့ မွေးချင်းတဦးကတော့ ဒီကလေးငယ်လေးဟာ အူဘာတက္ကစီပေါ်မှာ မွေးခဲ့တာကြောင့် သူ့နာမည်ကို အူဘာလို့ ပေးသင့်ကြောင်း အကြံပြုထားပါတယ်။
3 years Ago
More News
Up