ကလေးပေါင်ဒါ

A d v e r t i s e m e n t With Us

February 25, 2016

Johnson & Johnson ကလေးပေါင်ဒါသုံးစွဲပြီး ကင်ဆာဖြစ်မှု လျော်ကြေးပေးရန် တရားရုံးဆုံးဖြတ်

အမေရိကန်ပြည်ထောင်စုမှာ Johnson & Johnson ကလေးပေါင်ဒါကို နှစ်ရှည်သုံးစွဲလို့ ကင်ဆာရောဂါဖြစ်ပြီး သေဆုံးရတယ်ဆိုကာ ပေါင်ဒါကုမ္ပဏီကို တရားစွဲခဲ့တာမှာ ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၇၂ သန်း နစ်နာကြေးပေးဖို့ မစ်ဇူရီပြည်နယ် တရားရုံးက ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ အလာဘားမားပြည်နယ် ဘာမင်ဟန်မြို့မှာ နေထိုင်ခဲ့သူ အမျိုးသမီးတဦးဟာ Johnson & Johnson ပေါင်ဒါကို ဆယ်စုနှစ်တွေနဲ့ချီပြီး သုံးစွဲခဲ့လို့ သားအိမ်ကင်ဆာဖြစ်ပြီး အသက် ၆၂ နှစ်အရွယ်မှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ပေါင်ဒါမှာ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေရှိတာကို ကုမ္ပဏီက သိလျက်နဲ့ သုံးစွဲသူတွေကို သတိပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ သေဆုံးသူရဲ့ မိသားစုရှေ့နေတွေက ဆိုပါတယ်။ ကုမ္ပဏီကတော့ အဲဒီစွပ်စွဲမှုကို ငြင်းဆန်ထားပြီး အယူခံဝင်ဖို့လည်း စဉ်းစားနေတယ်လို့ ဆိုပါတယ်။ သားအိမ်ကင်ဆာနဲ့ ဒီပေါင်ဒါ ဆက်စပ်မှုကိုလည်း သက်သေမပြနိုင်သေးဘူးလို့ သုတေသန ပညာရှင်တွေက ဆိုပါတယ်။ ပေါင်ဒါသုံးစွဲသူတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးကို ကုမ္ပဏီမှာ တာဝန်အပြည့်ယူမှာ ဖြစ်ပေမယ့် တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ စိတ်ပျက်စရာကောင်းတယ်လို့ ကုမ္ပဏီ ပြောခွင့်ရသူက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုတ၀န်း အခုလို ကုမ္ပဏီကို တရားစွဲဆိုထားပြီး ဆိုင်းငံ့ထားတဲ့ အမှုပေါင်း ၁၀၀၀ ကျော်ရှိပြီး နောက်ထပ်လည်း အခုလိုအမှုမျိုးတွေ ထောင်နဲ့ချီပြီး တက်လာနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။
5 years Ago
Up