ကလေးဝ

May 20, 2019

ကလေးဝတွင် ကျောက်မီးသွေးတွင်းပေါက်ကွဲ၊ ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ကျောက်အုံကျေးရွာအနီး ထူးဟန်သစ် ကုမ္ပဏီက တူးဖော်ထုတ်လုပ်နေတဲ့ ကျောက်မီးသွေးတွင်းမှာ မေ ၁၉ ရက် ညနေက ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် လုပ်သား ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေကို ကလေးဝပြည်သူ့ဆေးရုံ ပို့ဆောင်ထားပြီး အဲဒီထဲက တရုတ်နိုင်ငံသား ၁ ဦးနဲ့ မြန်မာနိုင်ငံသား ၁ ဦးကတော့ စိုးရိမ်ရလို့ ကလေးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ “မနေ့က ညနေ ၄ နာရီလောက်ကပေါ့ အုံးခနဲအသံနဲ့အတူ မီးတောက်ပါ ပါလာတာ။ ပြေးချိန်မရလိုက်ဘူး။ ဘာကြောင့်ဖြစ်တယ်ဆိုတာလည်း မသိဘူး။ ခြေထောက်၊ လက်၊ မျက်နှာတွေမှာ မီးလောင်၊ မီးဟပ်ဒဏ်ရာရတာပေါ့။ ကျန်တဲ့ ၄ ယောက်က ကျနော့်ထက်ဆိုးတယ်။ သူတို့က တကိုယ်လုံး။ ကျင်းက ပေ ၅၀၀ ကျော်ရှည်မယ်။ အကျယ်က ၈ ပေလောက်ရှိတယ်။ အမြင့်က ၇ ပေလောက်ပေါ့။ အထဲမှာ မီးသွေးသယ်တဲ့ သံလမ်း ၂ ခုရှိတယ်။ ဖြစ်တဲ့နေရာနဲ့ကျနော်နဲ့က ၁၅ ကိုက်လောက် ရှိမယ်ထင်တယ်” လို့ ကလေးဝဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ ကိုစိုးအောင်က ပြောပါတယ်။ ထူးဟန်သစ်ကုမ္ပဏီက ကျောက်မီးသွေးထုတ်လုပ်ခွင့်ရရှိထားတဲ့ မြန်မာ့စီးပွားရေးဦးပိုင် အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီနဲ့ ထပ်ဆင့်စာချုပ် ချုပ်ဆိုကာ လုပ်ကိုင်နေတာဖြစ်ပါတယ်။ ကလေးဝမြို့နယ်အတွင်း ပလူဇဝ၊ သစ်ချောက်၊ ယောစု၊ ကျောက်အုံ စတဲ့နေရာတွေမှာ  မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ထွန်းသွင်၊ ထူး၊ မက်(စ်)မြန်မာ၊ ရွှေတောင် စတဲ့ ကုမ္ပဏီကြီးတွေအပါအဝင် ကုမ္ပဏီ ၁၀ ခုက ကျောက်မီးသွေးတူးဖော်နေကြတာပါ။ အခုပေါက်ကွဲမှုဖြစ်တဲ့ ထူးဟန်သစ်ကုမ္ပဏီက ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ကျင်းအမိုးပြိုကျလို့ ကျင်းသားတဦး သေဆုံးမှုဖြစ်ပေါ်ခဲ့သလို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း ကျင်းထဲမှာ အောက်ဆီဂျင်ပြတ်ကာ ကျင်းသား ၁ ဦးသေဆုံး ခဲ့သေးတယ်လို့ သိရပါတယ်။ ပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကလေးဝမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်၊ ရဲတို့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
2 years Ago

March 19, 2019

ကလေးဝမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ နေအိမ်အချို့နှင့် ဘုန်းကြီးကျောင်း ပျက်စီး

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်ထဲက ကျေးရွာနှစ်ရွာမှာ မတ်လ ၁၈ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်လို့ လူနေအိမ် ၆ လုံးနဲ့ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအမိုးလန် ပျက်စီးသွားပါတယ်။ ကလေးဝမြို့ စီမံခန့်ခွဲရေး ဥက္ကဋ္ဌ ဦးဇော်လင်းက "ညနေ လေးနာရီခွဲလောက်က မိနစ်အနည်းငယ်တိုက်တယ်။ မိုးအနည်းငယ်ပါတယ်။ ၅ မိနစ်ခန့်လောက်ပဲ။ အိမ် ၆ လုံးနဲ့ ဘုန်းကြီးကျောင်း ဓမ္မာရုံတခုနဲ့ သွပ်ချပ်ရေ ၄၄ ချပ် လန်သွားတယ်" လို့ ပြောပါတယ်။ လေတိုက်နှုန်းကတော့ တနာရီ ၁၅ မိုင်လောက်ပဲရှိတယ်လို့ ကလေးဝ မိုးဇလဌာနကို ကိုးကားပြီး ဦးဇော်လင်းက ပြောပါတယ်။ လေပြင်းတွေကြောင့် ကလေးဝတဖက်ကမ်း ကိုင်းကျေးရွာမှာ နေအိမ် ၅ လုံးနဲ့ ဘုန်းကြီးကျောင်း၊ ခုံကြီးရွာမှာ နေအိမ်တလုံး အမိုးတွေလန်ကာ ပျက်စီးခဲ့ရပြီး အပျက်အစီးတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ချက်ချင်း လာရောက်စစ်ဆေး ကူညီပေးခဲ့ပါတယ်။ လေပြင်းတိုက်ခတ်မှုမှာ ပျက်စီးသွားတဲ့ နေအိမ်တွေအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်း ပစ္စည်းနဲ့ ငွေထောက်ပံ့ပေးနိုင်ဖို့ စီစဉ်နေပါတယ်။ သတင်း၊ ဓာတ်ပုံ - မင်းရဲစစ်နိုင်
2 years Ago
More News
Up