ထိုင်းနိုင်ငံက အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေထဲမှာ လုပ်ကိုင်နေကြရတဲ့ ကလေးလုပ်သား အရေအတွက် ၁၃၃၀၀၀ လောက် ရှိနေတယ်လို့ ၂၀၁၈ ခုနှစ် စစ်တမ်းတစောင်ကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
ဒီသုတေသန စစ်တမ်းကိုတော့ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းနဲ့ အမျိုးသား စာရင်းအင်းဆိုင်ရာရုံးတို့က ပူးပေါင်းပြီး တနိုင်ငံလုံးက ကလေးလုပ်သား ၄၀၉၀၀၀ လောက်ရဲ့ ၃၂ ရာခိုင်နှုန်းကို ဦးတည် စာရင်းကောက်ယူခဲ့တာပါ။
လေးလံတဲ့ပစ္စည်းတွေကို သယ်ဆောင်လုပ်ကိုင်ရတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရတဲ့ ကလေးငယ် ၂၁ ဒသမ ၉ ရာခိုင်နှုန်း၊ ဓာတုပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်းနဲ့ ယမ်းဖောက်ခွဲရေးဆိုင်ရာ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရတဲ့ ကလေးငယ် ၇ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ညဘက်၊ ဒါမှမဟုတ် အပူချိန်ပြင်းထန်လွန်း၊ အေးလွန်း၊ အသံကျယ်လောင်လွန်းတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရတဲ့ ကလေးငယ် ၃ ဒသမ ၈ ရာခိုင်နှုန်း ရှိနေတယ်လို့ အလုပ်သမား ကာကွယ်ရေးနဲ့ လူမှုဖူလုံရေးဌာန ညွှန်ကြားရေးမှူး ဝီဝက် တန်ဟောင်က မနေ့ကကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ ကလေးအလုပ်သမား ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ပြောလိုက်တာပါ။
“အလုပ်လုပ်ကိုင်နေကြရတဲ့ ကလေးလုပ်သား ၆၅ ဒသမ ၁ ရာခိုင်နှုန်းကျော် (၂၆၆၀၀၀ လောက်) ကတော့ မိသားစုလုပ်ငန်းတွေမှာ အခကြေးငွေ အဖိုးအခ တစုံတရာမရဘဲ လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်” လို့ ဝီဝက်က ဆိုပါတယ်။
ကလေးလုပ်သားဦးရေ ၁၂၈၀၀၀ ကတော့ ပုဂ္ဂလိက လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြပြီး ပျမ်းမျှလစဉ်ဝင်ငွေ ၅၃၅၁ ဘတ် ရရှိကြတယ်လို့ စစ်တမ်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ကလေးလုပ်သားတွေအပေါ် တရားမဝင် အသုံးချတဲ့ အမှု ၈၃ မှု ရှိခဲ့ပါတယ်။ အမှုအများစုက အသက် ၁၅ နှစ်အောက် ကလေးငယ်တွေနဲ့ ပတ်သက်နေတာဖြစ်ပြီး အဲဒီ ကလေးလုပ်သားတွေ အားလုံးနီးပါးက ထိုင်းကလေးငယ်တွေဖြစ်ကာ တခြားနိုင်ငံသား ကလေးငယ် ၁ ဒသမ ၄ ရာခိုင်နှုန်း ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
2 years Ago