ကလေးများကို တုပ်ကွေးကာကွယ်ဆေးထိုးနှံပေးမှု စုံစမ်းစစ်ဆေးရန် ဖိလစ်ပိုင် အမိန့်ထုတ်

December 5, 2017

ကလေးများကို သွေးလွန်တုပ်ကွေးကာကွယ်ဆေးထိုးနှံပေးမှု စုံစမ်းစစ်ဆေးရန် ဖိလစ်ပိုင် အမိန့်ထုတ်

ဖိလစ်ပိုင်အစိုးရဟာ ကလေးငယ် အယောက် ၇ သိန်း ၃ သောင်းကျော်ကို သွေးလွန်တုပ်ကွေး ကာကွယ်ဆေး ထိုးနှံပေးတဲ့ ကိစ္စကို စုံစမ်းစစ်ဆေးဖို့ မနေ့က အမိန့်ထုတ်လိုက်ပါတယ်။ ဒန်ဗာရှား (Dengvaxia) အမည်ပေးထားတဲ့ ကာကွယ်ဆေး ထိုးပေးလိုက်တာပါ။ အဲဒီဆေးထိုးလို့ ကလေး ၃ ယောက်သေဆုံးရပြီလို့ NGO အဖွဲ့တဖွဲ့က ပြောခဲ့ပါတယ်။ ကာကွယ်ဆေး ထိုးတဲ့အစီအစဉ်အတွင်း လူသေဆုံးမှု မရှိဘူးလို့ ပြင်သစ်ဆေးကုမ္ပဏီ ဆာနိုဖှီက ပြန်လည် ငြင်းဆိုထားပါတယ်။ သွေးလွန်တုပ်ကွေးကာကွယ်ဆေး ဒန်ဗာရှားဟာ တခါမှ မကူးစက်ဖူးတဲ့ လူတွေမှာ ရောဂါကို ပိုဆိုးစေနိုင်တယ်ဆိုတဲ့ သက်သေရှိလို့ တင်းတင်းကြပ်ကြပ် ကန့်သတ်ရမယ်လို့ ဆေးကုမ္ပဏီက ပြောခဲ့ပါတယ်။ အဲဒီနောက် အရင်အပတ်က ဖိလစ်ပိုင် ကျန်းမာရေးဌာနက ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်ကို ရပ်ခဲ့တာပါ။ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်အတွင်း ဖိလစ်ပိုင်နိုင်ငံက အသက် ၉ နှစ် အထက် ကလေး ၇ သိန်း ၃ သောင်းကျော်ကို ကာကွယ်ဆေးတကြိမ် ထိုးနှံခဲ့ပြီးပါပြီ။ ဒီအတွက် အမေရိကန်ဒေါ်လာ သန်း ၇၀ လောက် ကုန်ကျပါတယ်။ ပြည်သူ့ကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်တဲ့ စွဲချက်ကို အမျိုးသားစစ်ဆေးရေး ဗျူရိုက စုံစမ်းစစ်ဆေးဖို့နဲ့ သက်သေတွေရှိခဲ့ရင် ဝရမ်းထုတ်ဖို့ သင့်တော်တဲ့ စွဲချက်တွေနဲ့ တရားစွဲဖို့ တရားရေးဌာနက မနေ့က အမိန့်ထုတ်လိုက်ပါတယ်။ လူထောင်ချီ ဘေးတွေ့စေနိုင်တဲ့ အစီအစဉ်အတွက် တာဝန်ရှိသူတွေကို အစိုးရက တာဝန်ခံခိုင်းမယ်လို့ သမ္မတ ရိုဒရီဂို ဒူဒါတေရဲ့ ပြောခွင့်ရက ဒီဇင်ဘာ ၃ ရက်က ပြောခဲ့ပါတယ်။ သွေးလွန်တုပ်ကွေးဟာ ခြင်ကဖြစ်တဲ့ အပူပိုင်းဒေသ ရောဂါတမျိုးပါ။ ငှက်ဖျားလောက် မပြင်းထန်ပေမယ့် ကမ္ဘာတလွှားနေရာ အများအပြားကို အမြန်ကူးစက်နေပါတယ်။ နှစ်စဉ် လူ သန်းရာချီ ကူးစက်ခံရပြီး လူ ၂ သောင်းလောက် သေဆုံးလေ့ရှိပါတယ်။
3 years Ago
Up