အမေရိကန်မိဘတွေဟာ လတ်တလော ဆယ်စုနှစ်အတွင်း ကလေးတွေ စည်းကမ်းရှိဖို့ တင်ပါးကို လက်နဲ့ရိုက် ဆုံးမတာမျိုးလုပ်တာ နည်းသွားပြီး ကလေးတွေကို ရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးတဲ့ ဆုံးမနည်းကိုသုံးတာ ခေတ်ကုန်သွားပြီလို့ အမေရိကန် လေ့လာမှုတရပ်က ဆိုပါတယ်။
ရုပ်ပိုင်းဆိုင်ရာအပြစ်ပေးမှုဟာ သင့်တော်တယ်လို့ထင်တဲ့ ဝင်ငွေ အလယ်အလတ်တန်း အဆင့်ရှိတဲ့ မိခင်တွေရဲ့ အရေအတွက်ကလည်း ၄၆ ရာခိုင်နှုန်းကနေ ၂၁ ရာခိုင်နှုန်းထိ ကျဆင်းသွားတာကို လေ့လာမှုက တွေ့ခဲ့ရပါတယ်။
"ကလေးတွေကို ရိုက်တာဟာ ကလေးတွေအတွက် အဖျက်သဘောဆောင်တဲ့ ရလဒ်ကို ရစေတယ်၊ ဆိုးသွမ်းမှု၊ လူမှုအသိုင်းအဝိုင်းကို ဆန့်ကျင်တဲ့ အမူအကျင့်၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ အရက်နဲ့ မူးယစ်ဆေး အလွဲသုံးမှုတွေနဲ့ ပတ်သက်နေတယ်" လို့ ဒီလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ ဝါရှင်တန်ဒီစီမြို့တော် ဂျော့ခ်ျတောင်းတက္ကသိုလ်က စိတ်ပညာသုတေသန ပညာရှင် ရီဘတ်ကာ ရိုင်ယန်က ပြောပါတယ်။
"ကလေးတွေဟာ ကမ္ဘာကြီးနဲ့ပတ်သက်ပြီး အတွေ့အကြုံ မရှိသေးဘူး။ ရုပ်ပိုင်းဆိုင်ရာကို မထိခိုက်တဲ့ စည်းမျဉ်းတွေဟာ ကရုဏာပါတယ်။ ကလေးတွေဟာ နားလည်မှုနဲ့ ပညာပေးမှုကို လိုအပ်တယ်။ စည်းကမ်းဆိုတာ ပညာရေးပဲ" လို့ စတန်းဖို့ဒ်တက္ကသိုလ်က ကလေးသူငယ် အမူအကျင့်နဲ့ ဖွံ့ဖြိုးမှုဘာသာရပ် သုတေသန ပညာရှင် ဒေါက်တာ ဟေးဒီ ဖဲ့ဒ်မဲန်က ပြောခဲ့ပါတယ်။
6 years Ago