ကလေးတွင်

January 13, 2018

ကလေးတွင် ငလျင်ဆိုင်ရာ အသိပညာပေးမှုများ လုပ်ဆောင်သွားမည်

ကလေးမြို့နယ် စီမံခန့်ခွဲရေးကော်မတီ အနေနဲ့ ၂၀၁၈ ခုနှစ်စပိုင်းမှာ မြန်မာနိုင်ငံတွင်း ငလျင်လှုပ်ခတ်မှု အကြိမ်ရေ ထူးထူးခြားခြားများလာတဲ့အတွက် ကလေးဒေသနေ ပြည်သူတွေ အသက်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးမှုတွေ ဆောင်ရွက်တော့မယ်လို့ သိရပါတယ်။ “နှစ်သစ်ကူးပြီး ဇန်န၀ါရီ ၁ ရက်နေ့ကနေ ခုချိန်ထိ ဇန်န၀ါရီ ၁၃ ရက်တွင်းမှာ ငလျင်လှုပ်ခဲ့တာ ၁၆ ကြိမ်လောက် ထူးထူးခြားခြား ဖြစ်ခဲ့တယ်။ ဒါပေမယ့် ငလျင် ၁၆ ကြိမ်လောက် လှုပ်ခဲ့တာဟာ သူ့ရဲ့ လှုပ်ခတ်မှုနှုန်းထားနည်းတဲ့အတွက်ကြောင့် ဒါတွေကို လူတွေက မသိရှိတာ ဖြစ်ပါတယ်။ ငလျင်ရဲ့ လှုပ်ခတ်မှုဟာ စိပ်လာတာ ဖြစ်ပါတယ်။ ဒါကို ကျနော်တို့က ပြည်သူတွေအနေနဲ့ ငလျင်ဖြစ်လာတဲ့အခါ ဘယ်လိုနေထိုင်ရမယ် ဘယ်လို ကာကွယ်ပေးရမယ်ဆိုတာကို ပြင်ဆင်ဖို့အတွက် ငလျင်ပညာပေးဆိုင်ရာ ပန်းဖလက်တွေနဲ့ ဝေငှ အသိပညာပေးသွားမယ်” လို့ ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဝေလွင်ဖြိုး က ပြောပါတယ်။ ကလေးမြို့နယ်ဟာ ကျေးရွာအုပ်စု ၄၁ စုနဲ့ ရပ်ကွက်ကြီး ၁၉ ရပ်ကွက် စုစုပေါင်း အုပ်စု ၆၀ ရှိပြီး ငလျင်ပညာပေး လက်ကမ်းစာစောင်တွေကို ဘတ်ဂျက်အခက်အခဲ ရှိတဲ့အတွက် တစ်အုပ်စု ၅၀ နှုန်းသာ လတ်တလော ဖြန့်ဝေသွားမှာဖြစ်ပြီး လာမယ့် တနင်္လာနေ့ အုပ်ချုပ်ရေးမှူးများ အစည်းအဝေးမှာ အုပ်စု အုပ်ချုပ်ရေးမှူးတွေကတဆင့် ဖြန့်ဝေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကလေးဒေသဟာ ငလျင်နဲ့ ပတ်သက်ပြီး ကမ္ဘာ့နာမည်ကြီး စစ်ကိုင်းမြေငလျင်ကြော ကဘော်မြေငလျင်ကြောတို့နဲ့ နီးစပ်နေတဲ့ ဒေသဖြစ်ပြီး အခု ၂၀၁၅ အစိုးရသစ်လက်ထက်အတွင်း ၂၀၁၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က အပြင်ထန်ဆုံး ရစ်တာစကေး (၆ ဒဿမ ၈) အထိ ငလျင်လှုပ်ခဲ့မှု ကြုံတွေ့ခဲ့ဖူးတယ်လို့ ကလေးမြို့ခရိုင် မိုးဇလဌာနတာဝန်ခံ ဦးစီးအရာရှိ ဦးတင်စိုးက ပြောပါတယ်။ မြန်မာနိုင်ငံတွင်း ငလျင်ကြောငယ်တွေနဲ့ ပတ်သက်ပြီး အများအပြားရှိနေပေမယ့် ထင်ရှားတဲ့ ငလျင်ပြတ်ရွေ့တွေကတော့ စစ်ကိုင်းငလျင်ပြတ်ရွေ့၊ ကဘော် ငလျင်ပြတ်ရွေ့၊ မိုးမိတ် ငလျင်ပြတ်ရွေ့နဲ့ ကြောက်ကြမ်း ငလျင်ပြတ်ရွေ့ကြော လေးခုကတော့ ကြီးကြီးမားမား ရှိနေတယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ဒီနေ့ ၁၃ ရက်နေ့အထိ ငလျင်လှုပ်ခတ်တဲ့ အကြိမ်ရေး ၁၆ ကြိမ်အထိ ရှိလာနေပြီး ရစ်တာ စကေးအနေနဲ့ ဇန်န၀ါရီ ၁ ရက်နေ့က အနည်းဆုံး ရစ်တာစကေး (၃ ဒဿမ ၉) လှုပ်ခတ်ခဲ့တဲ့ ကလေးဝမြို့ အရှေ့ဘက် (၁၂) မိုင်ခန့်က ငလျင်လှုပ်ခတ်မှုနဲ့ ရစ်တာစကေး (၆ ဒဿမ ၀) ရှိတဲ့ ၁၂ ရက်နေ့က လှုပ်ခဲ့တဲ့ ဖြူးမြို့ရဲ့ အနောက်တောင်ဘက် (၁၅) မိုင်ခန့်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တို့ထိ ရှိခဲ့တယ်လို့ နေပြည်တော် မြေငလျင် ဌာန မှတ်တမ်းအရ သိရပါတယ်။ မင်းရဲစစ်နိုင်
3 years Ago

August 11, 2017

ကလေးတွင် မူးယစ်ဆေးဝါးနှင့် လက်နက် လက်ဝယ်ထားရှိသူများကို ဖမ်းဆီး

ကလေးမြို့ တောင်ပိုင်း အင်ဒင်အုပ်စု ထန်းချောင်းတောတိုက်မှာရှိတဲ့ တဲငယ်အတွင်းကနေ မူးယစ်ဆေးဝါးနဲ့ တူမီးသေနတ်ကို ပိုင်ရှင်နဲ့အတူ ဒီနေ့မနက် ၂ နာရီက ခရိုင် ဒု/နှိမ် ခေါင်းဆောင် ရဲအုပ်သီဟနဲ့အဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ “သတင်းအရ ရှာဖွေခွင့် ပုံစံအပြည့်အစုံနဲ့ သွားပြီး တောတိုက်ထဲက တဲငယ်တခုကို ရှာဖွေခဲ့ပါတယ်။ အဲဒီမှာ မူးယစ်ဆေးဝါးနဲ့ အသုံးပြု ပစ္စည်းတွေရယ်၊ တူမီးသေနတ် တလက်ကို တဲပိုင်ရှင်တွေနဲ့အတူ ဖမ်းဆီး သိမ်းဆည်းခဲ့တာဖြစ်တယ်” လို့ ခရိုင် ဒု/နှိမ်ခေါင်းဆောင် ရဲအုပ်သီဟက ဆိုပါတယ်။ ဖမ်းဆီးသိမ်းဆည်းခဲ့တဲ့ မူးယစ်ဆေးဝါးအနေနဲ့ ဘိန်းဖြူ ပင်နယ်စလင်ပုလင်း ၁၈ ပုလင်းနဲ့ မူးယစ်ဆေးဝါးသုံးရာမှာ အသုံးပြု အထောက်အကူပစ္စည်းတွေ၊ ပြောင်းအရှည် ၂ ပေ ၈ လက်မနဲ့ လက်ကိုင် ၁ ပေ ၄ လက်မအရှည်ရှိတဲ့ တူမီးသေနတ် ၁ လက်တို့ ဖြစ်ပြီး မကွေးတိုင်း နှမ်းခါးရွာ စာသင်ကျောင်းနားက မြင့်ဝေက လာရောက် ပို့ဆောင်ထားတဲ့ မူးယစ်ဆေးဝါးတွေလို့လည်း သိရပါတယ်။ မူးယစ်ဆေးဝါးတွေ၊ တူးမီးသေနတ်တလက်နဲ့အတူ ဖမ်းဆီးခဲ့သူတွေကတော့ ကိုကျော်မျိုးသူ ၊ မမိုးသူဇာ နဲ့ မောင်အေးဆိုသူတို့ ဖြစ်ပြီး မူးယစ်ဆေးလာရောက်ပို့ဆောင်သူ မြင့်ဝေကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ ခရိုင် ဒု/နှိမ်ခေါင်းဆောင် ရဲအုပ်သီကိုယ်တိုင်က တရားလိုပြုပြီး မူးယစ်ဆေးဝါး၊ လက်နက်တွေနဲ့ ဖမ်းမိသူ သုံးဦးနဲ့အတူ ထွက်ပြေးနေတဲ့ မြင့်ဝေ ဆိုသူတို့ကို သက်ဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ တွေနဲ့ အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ မင်းရဲစစ်နိုင်
4 years Ago
Up