ကလေးတဦး တွေ့ရှိ

July 2, 2017

မက္ကဆီကိုတွင် အစာဖြတ် နှိပ်စက်ခံထားရသည့် ၄ နှစ်အရွယ် ကလေးတဦး တွေ့ရှိ

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့တော် တိုက်ခန်းထဲမှာ အမေရိကန်နိုင်ငံသားလို့ ယူဆရတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ်တဦးကို ကိုယ်လုံးတီးထား သံကြိုးတွေခတ် အစာဖြတ်ပြီး ရိုက်နှက်ခံထားရတာ တွေ့ရှိတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဇွန်လ ၃၀ ရက်နေ့က ရေးထားပါတယ်။ ကလေးငယ် ဘယ်နိုင်ငံသားဆိုတာ ဆုံးဖြတ်ဖို့ အမေရိကန်သံရုံးကို ကူညီဖို့ မေးမြန်းစုံစမ်းထားတယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ မက္ကဆီကိုစီးတီးရဲ့ တရားစွဲဆိုရေး ရုံးဌာနက ပြောထားပါတယ်။ အမည်မသိ လူတဦးက ရဲကို ဖုန်းခေါ်ဆက်သွယ်ပြီးနောက် ဒီအပတ်အစောပိုင်းမှာ အာဏာပိုင်တွေက အန်တိုနီလို့ အမည်ရတဲ့ ကလေလးငယ်ကို ကယ်ဆယ်ခဲ့တာပါ။ နောက်ပိုင်းမှာ ဂျူဝမ်ကာလို့စ်နဲ့ အိုလစ်ဗာကက်စထရိုလို့ အမည်ရတဲ့ ကလေးငယ်ရဲ့ အဒေါ်နဲ့ ဦးလေးဖြစ်သူဆိုသူကို ရဲတွေက ဖမ်းလိုက်ပါတယ်။ ပထမပိုင်းမှာ ကလေးငယ်ရဲ့ ဆွေမျိုး ၂ ဦးလုံးက ကောင်လေး သူတို့အိမ်မှာ မရှိဘူးလို့ ငြင်းဆိုကြပေမယ့် နောက်ပိုင်းမှာ မီးမထွန်းထားတဲ့ အခန်းထဲ သံကြိုးတွေချည်ထားတဲ့ ကောင်လေးကို ရဲတွေက ရှာတွေ့ခဲ့တာပါ။ ကောင်လေးကို နှိပ်စက် ညှဉ်းဆဲထားပြီး ကြိုးတွေနဲ့ ချည်ထားတာလို့ ဆိုပါတယ် ဆွေမျိုး ၂ ဦးက ကလေးကို ယာယီစောင့်ရှောက်ထားတာလို့ ပြောခဲ့ပါတယ်။ ကောင်လေးက စကားပြောဖို့ အခက်အခဲ ရှိပေမယ့် သူ့ရဲအမည်နဲ့ မိဘတွေရဲ့အမည်ကို ပြောနိုင်သေးတယ်။ ဒီကလေးမှာ ဒဏ်ရာတော်တော်များများတွေ့လို့ သူ့ကို တွေ့ရှိရာနေရာကနေ ရဲတွေက ချက်ခြင်း ဆေးရုံပို့လိုက်တယ် လို့လည်း ဆိုပါတယ်။ ကလေးက အစာအငတ်ထားခံရတယ်၊ ဦးခေါင်းကိုလည်း အကြိမ်ပေါင်းများစွာ ရိုက်နှက်ခံထားရပြီး၊ သူ့ရဲ့ခန္ဓာကိုယ်ကိုလည်း စီးကရက်မီးတွေနဲ့ အကြိမ်ကြိမ် တို့ခံထားရတယ်လို့ ဆရာဝန်တွေက ပြောလိုက်ပါတယ်။ ကလေးကို အာဏာပိုင်တွေက စောင့်ရှောက်ထားပြီး ဓာတ်ပုံတွေထဲမှာလည်း ကလေးရဲ့ခြေထောက်ပိန်ပိန်လေးတွေကို ငွေရောင်သံကြိုးနဲ့ ချည်ထားတာ တွေ့ရပါတယ်။ အမည်မသိ သတင်းပေးပို့သူထံမှ ကောင်လေးနဲ့ပတ်သက်တဲ့ သတင်းအချက်အသေးစိတ် စာတစောင်ရပြီး ကလေးကာကွယ်စောင့်ရှောက်ရေး အာဏာပိုင် အကြီးအကဲဖြစ်သူ ဗစ်တာဟူဂိုလိုဘိုက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ အပြစ်ကျူးလွန်သူတွေ ပြစ်ဒဏ် ကျခံရမယ်လို့ ဟူဂိုက ပြောလိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပေမယ့် ကောင်လေးရဲ့ ဖခင်ဖြစ်သူကို ဖမ်းမိခြင်း ရှိ မရှိ ကို မသိရသေးပါဘူး။ မက္ကဆီကို စီးတီးမြို့တော်ရှိ အမေရိကန်သံရုံးက ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက် ပေးတာ မရှိသေးဘူးလို့လည်း သိရပါတယ်။
5 years Ago
Up