ကလေးစွန့်ပစ်

December 13, 2018

မုံရွာမြို့တွင် ရက်သားအရွယ်ကလေးငယ် ညအချိန် စွန့်ပစ်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလယ်ရပ်ကွက်၊ ပြည်ထောင်စုလမ်းနဲ့ ရထားလမ်းကြား အမှိုက်ပုံမှာ မနေ့ညက မွေးကင်းစ ရက်သားအရွယ်ကလေးငယ် စွန့်ပစ်ခံရမှုဖြစ်ပွားခဲ့ပါတယ်။ စွန့်ပစ်ခံရတဲ့ ကလေးက မိန်းကလေးဖြစ်ပြီး ကလေးနဲ့အတူ ဆေးဘူး၊ နို့မှုန့်ဘူးတွေအပြင် ပိတ်ဖြူအနှီးစမှာလည်း ကလေးမွေးရက်၊ အချိန်နှင့် အလေးချိန်တွေကိုပါ ဆော့ပင်နဲ့ ရေးထားတယ်လို့ သိရပါတယ်။ "ပေါင်ချိန်က ၆ ပေါင် ၃ အောင်စ၊ မွေးရက်က ၈ ရက်၊ ၁၂ လ၊ ၂၀၁၈ ဆိုတော့ ၄ ရက်လောက်ပဲ ရှိသေးတယ်။ လတ်တလောမှာတော့ ကုတင် ၂၀၀ ဆေးရုံကြီးကို လူမှုကူညီရေးအသင်းကားနဲ့ ပို့ထားတယ်။ ကလေးမွေးစားမယ့်သူတွေကတော့ နောက်ကလိုက်သွားကြတယ်" လို့ ထန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညိုဝင်းက ပြောပါတယ်။ ကလေးရဲ့ မိဘတွေက ရေစကြိုမြို့နယ်၊ မြေမလှရွာကလို့တော့ စုံစမ်းသိရှိရပြီဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကမှ မုံရွာမြို့ မေတ္တာဦး ဆေးရုံမှာ လာရောက်မွေးဖွားသွားတာလို့ဆိုပါတယ်။ ဘာကြောင့် စွန့်ပစ်ရတယ်ဆိုတာတော့ မသိရသေးပါဘူး။ အခုလိုပဲ မုံရွာမြို့မှာ မွေးကင်းစနဲ့ လသားအရွယ်ကလေးငယ်စွန့်ပစ်မှုက အတွေ့ရများလာပြီး ဒီဇင်ဘာလအတွင်းမှာ ၂ ကြိမ်ရှိပြီလည်းဖြစ်ပါတယ်။ ကလေးစွန့်ပစ်မှုတွေနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ စုံစမ်းစစ်ဆေး အရေးယူမှုတွေတော့ မတွေ့ရှိရပါဘူး။
3 years Ago

August 4, 2015

တရုတ်တွင် မွေးကင်းစကလေးကို အများသုံးအိမ်သာထဲ စွန့်ပစ်

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့က အများသုံးအိမ်သာထဲမှာ စွန့်ပစ်ခဲ့တဲ့ မွေးကင်းစကလေးငယ်ကို သြဂုတ် ၂ ရက်နေ့မှာ တွေ့ရှိခဲ့တယ်လို့ တရုတ်ပြည်သူ့နေ့စဉ် သတင်းစာမှာ ဖော်ပြပါတယ်။ အများသုံးအိမ်သာ မိလ္လာခွက်ထဲမှာ စွန့်ပစ်ခံရတဲ့ ကလေးငယ်ဟာ မိန်းကလေးဖြစ်ပြီး သူ့ရဲ့ငိုသံကို ကြားရတဲ့သူတွေက ရဲကိုခေါ်ပြီး အကြောင်းကြားခဲ့တာပါ။ ရဲအရာရှိ ကျန်ဖန်းက “ကလေးရဲ့ခေါင်းက မိလ္လာခွက်ထဲမှာ  စိုက်လျက်သားဖြစ်နေတာ။ ကျနော်က ခြေထောက်ကိုပဲ ခပ်ဝါးဝါး လှမ်းမြင်ခဲ့ရတာ” လို့ ဆိုပါတယ်။ ကလေးငယ်ကို ဘေဂျင်းဆေးရုံ ပို့ထားပြီး ဒဏ်ရာအနာတရ မရှိဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံမှာ နှစ်စဉ် မလိုချင်တဲ့ကလေး စွန့်ပစ်မှုဟာ ခန့်မှန်းခြေ ၁ သောင်းလောက် ရှိတယ်လို့ ၂၀၁၄ ခုနှစ်မှာ ရိုက်တာက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကလည်း တရုတ်နိုင်ငံမြောက်ပိုင်း၊ ရှန်ဟိုင်းမြို့က အများသုံးအိမ်သာထဲမှာ မွေးကင်းစ မိန်းကလေးကို ပစ်ထားခဲ့တဲ့အမှု ရှိခဲ့တယ်လို့ သတင်းကဆိုပါတယ်။ လက်ရှိမှာတော့ ရဲတွေဟာ ကလေးမိခင်ဖြစ်သူကို အပူတပြင်း လိုက်ရှာဖွေနေကြပါတယ်။
6 years Ago
Up