ကလေးစားစရာများထဲ

October 1, 2017

ကလေးစားစရာများထဲ အဆိပ်ထည့်ပြီး စူပါမားကက်များမှ ငွေခြိမ်းခြောက်တောင်းသူကို ဖမ်းမိ

ကလေး စားစရာတွေထဲကို သေစေနိုင်တဲ့ အဆိပ်တွေ လိုက်ထည့်ပြီး စူပါမားကက်တွေ ဆီကနေ ယူရိုငွေ သန်းဆယ်ချီ ခြိမ်းခြောက်ငွေညှစ်ဖို့ ကြိုးစားခဲ့တဲ့ သံသယရှိသူကို ဖမ်းမိပြီလို့ ဂျာမန်ရဲတွေက မနေ့က ပြောပါတယ်။ အသက် ၅၃ နှစ်အရွယ် အမျိုးသားကို အဓိက သံသယရှိသူအဖြစ် ကောက်ချက်ချအပြီး စက်တင်ဘာ ၂၉ ရက်နေ့ နှောင်းပိုင်းမှာ ဂျာမန် အထူးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ. သူ့အား ထိန်းသိမ်းထားမယ့်ရက်ကို သက်တမ်းတိုးရေး အတည်ပြုဖို့ တရားသူကြီးကို တောင်းဆိုမယ်လို့ ဂျာမနီရဲတွေက ပြောပါတယ်။ ဂျာမနီနိုင်ငံ တောင်ပိုင်းက စူပါမားကတ်တွေ တချို့မှာ ရောင်းတဲ့ ကုန်စည်တွေကို အဆိပ်လိုက်ခတ်နေတဲ့ သံသယရှိသူ တယောက်ကို လုံခြုံရေး ကင်မရာတွေက စက်တင်ဘာ လလယ်မှာ မှတ်တမ်းတင်ခဲ့တာပါ။ ဒီလူက သူ အဲဒီလိုလုပ်ခဲ့ကြောင်းလည်း ရဲတွေကို အီးမေးလ်ကနေ ပြောပါတယ်။ ဒါ့အပြင် သူတောင်းတဲ့ငွေကို မပေးရင် ဂျာမနီ တနိုင်ငံလုံးသာမက ဥရောပ နေရာအနှံ့မှာ ခုလို အဆိပ်လိုက်ခတ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။ ကားတိုင်ကီတွေထဲမှာ ထည့်ရတဲ့ ရေမခဲဆေး ထုတ်လုပ်ရာမှာ သုံးစွဲတဲ့ အရောင်အနံ့ မရှိတဲ့ အီသလင်း ဂလိုင်ကောတွေ ကလေးစားသောက်ကုန်ထဲမှာ တွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။ ဒီပစ္စည်းဟာ စားမိရင် သေစေနိုင်ပါတယ်၊ သံသယရှိသူကို ဖမ်းမိပြီ ဖြစ်ပေမယ့် စားသုံးသူတွေဟာ စားစရာတွေ ဝယ်ချိန်မှာ သံသယဖြစ်ဖွယ် လက္ခဏာတွေအတွက် သတိဆက်ရှိ နေသင့်တယ်လို့လည်း ရဲတွေက ပြောခဲ့ပါတယ်။
4 years Ago
Up