ကလေးစစ်သားဟောင်း

August 13, 2018

ကလေးစစ်သားဟောင်း အောင်ကိုထွေးအမှု တရားလို ထွက်ချက်များ ကွဲလွဲနေ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကို ခြေထောက်နဲ့ တက်နင်းခဲ့လို့ ဖမ်းဆီး တရားစွဲခံနေရတဲ့ ကလေးစစ်သားဟောင်း အောင်ကိုထွေးရဲ့အမှု ဒီနေ့ရုံးထုတ်ရာမှာ  တရားလို သက်သေ ဒဂုံဆိပ်ကမ်းမြို့နယ်က မှုခင်းမှတ်တမ်း အရာရှိ ရဲအုပ်ဇော်ဦးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ဌေးတို့နှစ်ဦးကို စစ်ဆေးခဲ့ပါတယ်။ ဒီရုံးချိန်းမှာတော့ တရားလိုသက်သေ ထွက်ချက်တွေဟာ တခုနဲ့တခု ကွဲလွဲနေတယ်လို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။ “ဒဂုံဆိပ်ကမ်းမြို့နယ်က မှုခင်းမှတ်တမ်းထိန်း ရဲအရာရှိ ရဲအုပ် ကိုဇော်ဦးကို စစ်ဆေးတယ်။ သူ့ရဲ့ စစ်ဆေးချက်မှာလည်း ဖျက်ဆီးမှုဖြစ်တယ်ဆိုတာလည်း ဘာအထောက်အထား မှတ်တမ်းမှတ်ရာနဲ့မှ မတင်ပြနိုင်ဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ကိုကြည်ဌေး ပြောတာက အောင်ကိုထွေးက အချုပ်ကားပေါ်အတက်မှာ ဖွဲ့စည်းပုံစာအုပ်ကို နင်းတာလို့ သူကပြောတယ်။ အဲဒီတော့ တရားလိုလုပ်တဲ့ ရဲတွေရဲ့ ထွက်ချက်နဲ့တော့ ကွဲလွဲနေတာပေါ့” လို့ ပြောပါတယ်။ ဒီအမှုကို မတ်လ ၂၀ ရက်နေ့မှာ ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့တာဖြစ်ပြီး တရားရုံးကိုတော့ မတ်လ ၂၈ ရက်နေ့မှာ တရားစွဲတာဖြစ်ပြီး အခင်းစတင်ဖြစ်ပွားချိန်နဲ့ဆို ၈ ရက်လောက် ကွာနေပါတယ်။ ဒီလို ရက်ကွာခြားနေတာဟာ ကလေးစစ်သားဟောင်း အောင်ကိုထွေးကို နစ်နာစေတယ်လို့ ဦးရော်ဘတ်ဆန်းအောင်က ပြောပါတယ်။ ဖြစ်စဉ်မှာ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ ကလေးစစ်သားဟောင်း အောင်ကိုထွေးဟာ ရုံးချိန်းတခုမှ ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခြေထောက်နဲ့ တက်နင်းခဲ့တယ်ဆိုပြီး နိုင်ငံတော် အမှတ်တံဆိပ် ဥပဒေပုဒ်မ (၇)နဲ့  မတ်လ ၂၈ ရက်နေ့က တရားစွဲဆိုခဲ့တာပါ။ ဒီအမှုအတွက် တရားလို ဦးမှူးမောင်မောင်က အထက်ရဲ့ ခိုင်းစေချက်ကြောင့် တရားစွဲရတာ ဖြစ်တယ်လို့လည်း ထွက်ဆိုထားတာတွေ ရှိပါတယ်။ တရားလိုသက်အဖြစ် ရှစ်ဦးကိုတင်ပြထားပြီးတော့ လက်ရှိအထိ တရားလိုသက်သေ နှစ်ဦးပဲ ရှိတော့တယ်လို့ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။ နောက်ရုံးချိန်းကိုတော့သြဂုတ်လ ၂၁ ရက်နေ့ကို ထပ်မံချိန်းဆိုထားပါတယ်။
3 years Ago

June 27, 2018

ကလေးစစ်သားဟောင်း အောင်ကိုထွေးကို တရားရုံးပြောင်းစစ်ဆေးခွင့် အမိန့်ချမှတ်

ကလေးစစ်သားဟောင်း အောင်ကိုထွေးဟာ လက်ရှိစစ်ဆေးနေတဲ့ ဒဂုံဆိပ်ကမ်း တရားရုံးမှာ ဆက်လက်တရားစစ်ဆေးခြင်း မပြုလုပ်လိုတာကြောင့် တရားရုံးပြောင်းပေးဖို့ လျှောက်ထားမှုကို ဇွန်လ ၂၆ ရက်က ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားရုံးပြောင်းခွင့် အမိန့်ချမှတ်ခဲ့ပါတယ်။ ကလေးစစ်သားဟောင်း အောင်ကိုထွေးကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က စွဲဆိုခဲ့တဲ့ ပုဒ်မ ၅၀၅ (ခ)နဲ့ ပုဒ်မ ၂၂၈တို့နဲ့ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပြီး၊ ထပ်တိုးပုဒ်မနဲ့ ထပ်မံ တရားစွဲဆိုထားတာကြောင့် ဒဂုံဆိပ်ကမ်းတရားရုံးမှာ ဆက်လက်စစ်ဆေးပါက တရားမျှတမှု မရရှိမှာ စိုးရိမ်တဲ့အတွက် သူ့ရဲ့ ရှေ့နေက တရားရုံးပြောင်းရွှေ့ခွင့် လျှောက်ထားခဲ့တာပါ။ ကလေးစစ်သားဟောင်း အောင်ကိုထွေးဟာ RFA သတင်းဌာနကို သူကြုံတွေ့ခဲ့ရတဲ့ ကလေးစစ်သားအတွေ့အကြုံတွေကို ပြန်လည်ပြောပြခဲ့တာကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။ ဒဂုံဆိပ်ကမ်းတရားရုံးကနေ ပုဒ်မ ၅၀၅(ခ) နဲ့ စွဲချက်တင်​နေရင်းပဲ တရားရုံးမှာ အစစ်​မခံဘဲ ဆန္ဒထုတ်​​ဖော်​တာ​ကြောင့် တရားရုံး မထီမဲ့မြင်​မှု နိုင်​ငံ​တော်​တံဆိပ်​​ခေါင်းဥပ​ဒေ စတာ​တွေနဲ့ ထပ်​တိုးတရားစွဲခံရတာပါ။ အောင်ကိုထွေးဟာ ပုဒ်မ ၂၂၈ အတွက် ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရသလို ပုဒ်မ ၅၀၅ (ခ) အတွက်ကို ​ထောင်​ဒဏ်​ ၂နစ်​ချမှတ်​ခံခဲ့ရပါတယ်။ အခုလို အမှုတွေ ထပ်တိုးပြီး ပြစ်ဒဏ်တွေ ချမှတ်တဲ့အတွက် ဒဂုံဆိပ်ကမ်းတရားရုံးမှာ ထပ်မံစစ်ဆေးဖို့ မပြုလုပ်ဖို့နဲ့ ရုံးပြောင်းပေးဖို့ အောင်ကိုထွေးဘက်ကနေ လိုက်လံဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အရှေ့ပိုင်းခရိုင်တရားရုံးကို လျှောက်ထားခဲ့ရာမှာ မနေ့က ရုံး​ပြောင်းဖို့ အမိန့်ချမှတ်ခဲ့တာပါ။ ​​အောင်​ကို​ထွေးဟာ လက်​ရှိမှာ​ နောက်​တိုးပုဒ်​မ နိုင်ငံ​တော်​တံဆိပ်​​ခေါင်း ဥပ​ဒေအတွက်​ ထပ်​မံ တရားရင်​ဆိုင်​ရဦးမှာ ဖြစ်​ပါတယ်​။
3 years Ago
Up