ကလေးစစ်သားအဖြစ် စုဆောင်းခံရသည့် သားဖြစ်သူကို ပြန်လွှတ်ပေးရန် ဖခင်တောင်းဆို

A d v e r t i s e m e n t With Us

May 31, 2016

ကလေးစစ်သားအဖြစ် စုဆောင်းခံရသူ ပြန်လွတ်မြောက်လာ

အစိုးရတပ်မတော်ထဲမှာ စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားခံခဲ့ရတဲ့ အသက်မပြည့်သေးတဲ့ လူငယ်တဦး တပ်ထဲမှာ ၆ လကြာနေခဲ့ရပြီးနောက်  စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် ခမရ ၃၆၆ ခြေမြန်တပ်ရင်းက မေလ ၂၇ ရက်နေ့ မှာ  ပြန်လွတ်လာပါတယ်။ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် တောင်ပုတ်ကေကျေးရွာက ၁၆ နှစ်အရွယ် မောင်အောင်သန်းစိုးကို ၂၀၁၅ ဒီဇင်ဘာ ၁ ရက်နေ့က အမည်မသိလူတဦးနဲ့ စစ်သား ၂ ဦးက အလုပ်အကိုင်အတွက် ၁ လ ၁ သိန်းရမယ်လို့ဆိုပြီး စစ်သားအဖြစ်ခေါ်ဆောင်ခံခဲ့ရတာပါ။ ကလေးစစ်သားအဖြစ် စုဆောင်းခံရသူရဲ့ဖခင်  ဦးမောင်စိန်အောင်က “ကျနော်သားလေး ပြန်လွတ်လာဖို့ လုပ်လာတာ ၄ လကျော်ရှိပြီ။ ရန်ကုန်ကိုသွားလိုက်။ သပိတ်ကျင်းကို သွားလိုက်လာလိုက်။ နောက်ပြီး ရခိုင်ကို သွားလိုက်နဲ့ အကြိမ်ပေါင်း မနည်းတော့ဘူး။ ဘာမှ ထူးခြားမလာဘူး။ ပိုက်ဆံလည်း တော်တော်ကုန်နေပြီ။ နောက်ဆုံး မထူးတော့ ဘူးဆိုပြီး မိသားစုတွေဆန္ဒပြတောင်းဆိုတော့မယ်လို့ ဆရာတော်ကိုတိုင်ပင်တယ်။ ဆရာတော်က နေဦး။ မီဒီယာကနေတဆင့် လုပ်ကြမယ်လို့ပြောတော့ ဒီဗွီဘီကို အကူအညီတောင်းလိုက်တယ်။ ဒီဗွီဘီက အင်တာဗျူးလို့ သတင်းတင်လိုက်လို့ ၃ ရက်အကြာမှာ သပိတ်ကျင်း ၇ မိုင်က ဖုန်းဆက်လာတယ်။ ခင်ဗျားတို့သားကို လာထုတ်တဲ့။ ပထမတော့ကျနော်က ဖုန်းမှား နေသလားပေါ့လေ။ ဖုန်းဆက်တဲ့သူက ခင်ဗျားတို့ဘာလို့မီဒီယာကို ပြောလိုက်တာလဲလို့ အော်ငေါက်လိုက်ခါမှ ကျနော် မှတ်မိတော့တယ်”လို့ ပြောပါတယ်။ မောင်အောင်သန်းစိုးဟာ ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ၇ မိုင် စစ်လေ့ကျင့်ရေး သင်တန်းကျောင်းမှာ ၅ လကျော်နေခဲ့ရပြီးနောက် မိဘတွေမကြာခဏလာပြီး တွေ့တာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ် ခမရ ၃၆၆ ခြေမြန်တပ်ရင်းကို ပြောင်းရွေ့ခံခဲ့ရတာပါ။ ကလေးစစ်သားအဖြစ် စုဆောင်းခံရသူ မောင်အောင်သန်းစိုးက “ကျနော်ပြန်လွတ် လာလို့ အရမ်းပျော်ပါတယ်။ မိဘတွေပြန်လည် ဆုံတွေ့ရလို့ အတိုင်းမသိ ဝမ်းသာပါတယ်။ ကျနော် သတိထားမိတာတာက ကျနော်ပြန်မလွတ်ခင် ၂ ရက်လောက်အလိုမှာ ပုံမှန်လုပ်နေတဲ့ အလုပ်တွေ ကျနော့်ကိုဘာမှ မလုပ်ခိုင်းတော့ဘူး။ အရာရာတိုင်းကျနော်ကို စောင့်ကြည့်နေတယ်။ အိမ်သာ၊ အပေါ့သွားတာကအစပေါ့လေ။ တပ်သားနှစ်ယောက်လောက်တော့ အမြဲတမ်း လိုက်ကြည့်ပြီး အကဲခတ်နေတယ်။ ကျနော့်ကို ထွက်ပြေးသွားမလားပေါ့လေ။ အဲ့ဒီကတည်းက တစ်ခုခုတော့ တစ်ခုပေါ့လေ။ နောက်တစ်ရက်တော့မင်း အဖေမင်းကို မနက်ဖြန်လာခေါ် တော့မယ်တဲ့။ မင်းဘဝတလျှောက်မှာတပ်ထဲကို ဝင်ချင်ပါတယ်လို့ပြောရင်တောင် မင်း မဝင်ရ တော့ဘူးတဲ့လို့ ဗိုလ်ကြီးက လာပြောတယ်”လို့ပြောပါတယ်။ ကလေးပြန်လွှတ်လာဖို့ ကြိုးစားပေးခဲ့တဲ့ ရက္ခမဏ္ဍလ ကျောင်းတိုက်က ဆရာတော် ဦးမဏ္ဍလက တော့ မောင်အောင်သန်းစိုး ပြန်လွတ်လာဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် တပ်က ထုတ်မပေးတဲ့ အတွက် မီဒီယာကို ချပြရခြင်းဖြစ်တယ်လို့ မိန့်ကြားပါတယ်။ “ဒီကလေး အသက်မပြည့်ဘူးလေ။ ဒီကလေးလွတ်လာဖို့ စာရွက်စာတမ်းတွေနဲ့ အကြိမ်ကြိမ် ကလေးရှိတဲ့နေရာဖြစ်တဲ့ သပိတ်ကျင်းကိုသွားရောက်ပြီးတော့ တင်ပြတယ်။ တောင်းဆိုတယ်။ ဒါပေမယ့် ထူးခြားမှုက ဘာမှမရှိဘူးလေ။ နောက်ပြီး ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) ရုံးကို ကိုယ်တိုင်းသွားပြီး ဒီကလေးနဲ့ပတ်သက်လို့ ကူညီဆောင်ရွက်ပေးဖို့ တောင်းခံတယ်။ ဒါပေမယ့် အဆင်မပြေဘူး။ နောက်ဆုံးမထူးတော့ဘူး ဖြစ်ချင်ရာဖြစ် ဖမ်းချင်လည်း ဖမ်းပေါ့ဆိုပြီး ဒီဗွီဘီက သတင်းထောက်တဦးကို အကူအညီတောင်းတယ်။” စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် ခမရ ၃၆၆ ခြေမြန်တပ်ရင်းကို မိသားစုဝင်တွေနဲ့ ဆရာတော်တို့က မေလ၂၅ ရက်နေ့သွားရောက်ခဲ့ပြီး  မေလ ၂၇ ရက်နေ့မှာ ခမရ ၃၆၆ ခြေမြန်တပ်ရင်း ဗိုလ်ကြီး ကျော်ဇော်ဦးက တပ်မှာ အခမ်းအနားပြုလုပ်ပြီး ကလေးငယ်ကို ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရတပ်မတော်ထဲမှာရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာပါ ကလေးစစ်သား အသုံးပြုမှုရှိနေတယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက အစဉ်တစိုက် ဝေဖန်ထောက်ပြခဲ့ကြတာပါ။ ပြီးခဲ့တဲ့  ၂၀၁၂ က၂၀၁၅ ခုနှစ်ထိ ၃ နှစ်အတွင်း မြန်မာ့တပ်မတော်က ကလေးစစ်သား ၇၀၀ လောက် ပြန်လွတ်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကတော့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းဖို့ အတွက် ကာကွယ်ရေးဝန်ကြီး ခေါင်းဆောင်တဲ့ ၁၂ ဦးပါကော်မတီကို မေလ ၁၁ ရက်နေ့မှာ ဖွဲ့စည်းထားပါတယ်။ သတင်း - ၀ဏ္ဏခွာညို  
5 years Ago

May 20, 2016

ကလေးစစ်သားအဖြစ် စုဆောင်းခံရသည့် သားဖြစ်သူကို ပြန်လွှတ်ပေးရန် ဖခင်တောင်းဆို

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ တောင်ပုတ်ကေကျေးရွာမှ အသက်မပြည့်သေးတဲ့ ကလေးငယ်တဦးအား ကလေးစစ်သားအဖြစ် အဓမ္မခေါ်ဆောင်သွားတာကို ပြန်လွှတ်ပေးဖို့ မိဘတွေက တောင်းဆိုလိုက်ပါတယ်။ အခုလက်ရှိ အသက် ၁၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မောင်အောင်သန်းစိုးကို ပြီးခဲ့တဲ့ ၂၀၁၅- ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့က အမည်မသိလူတဦးနဲ့ စစ်သားနှစ်ဦးက အလုပ်ကိုင်အတွက် ၁ လ ၁ သိန်းရမယ်လို့ဆိုပြီး ခေါ်ဆောင်သွားခဲ့တာလို့ ဖခင်ဖြစ်သူ ဦးမောင်စိန်အောင်က ပြောပါတယ်။ “အလုပ်သွားတဲ့တနေ့မှာ အသက် ၅၂ လောက်ရှိတဲ့ လူကြီးတစ်ယောက်က လမ်းက ဖြားယောင်းပြီး လိမ်ပြီးခေါ်ယူသွားပါတယ်။ ခေါ်ယူသွားတဲ့အချိန်အခါမှာ သူ့ကိုဖမ်းတော့ အဲ့ဒီအချိန်မှာ အဖေအမေတို့ဆီကို ဖုန်းဆက်ပါတယ်။ ငိုယိုပြီး ဖုန်းဆက်လာပါတယ်။ သားဒီနေ့ ပြန်လို့မရတော့ဘူး။ အဖေသားအလုပ်ရပြီ။ အဖေအမေသားကိုစိတ်မပူပါနဲ့တော့။ အဲ့ဒီအချိန်ကစပြီး ကျနော်တို့မှာသားအတွက် စိတ်ပူပြီး လိုက်ရှာနေခဲ့ရပါတယ်။ ၁၂ လပိုင်း ၁ ရက်နေ့ (၂၀၁၅ ခုနှစ်) ကတည်းက ပျောက်သွားတာ။” ဒီနောက် ဒီနောက်ပိုင်း ၂၀၁၅ ခုနှစ် ၁၂ လပိုင်း ၁၀ ရက်နေ့အထိ သားဖြစ်သူကို အဆက်သွယ်မရတာကြောင့် ရဲစခန်းမှာ သွားပြီး အမှုဖွင့်တိုင်းတန်းခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ် ၃ လပိုင်း ၁၀ ရက်နေ့မှာတော့ ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ၇- မိုင် စစ်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စစ်သားအဖြစ် စုဆာင်းခံထားရကြောင်း သားဖြစ်သူက ဖုန်းဆက်လာတာကြောင့် သိခဲ့ရတာလို့ ဖခင်ဖြစ်သူက ပြောပါတယ်။ “သားလေးဆီက ဖုန်းလာတဲ့နောက်ပိုင်းမှာ သားလေးဆီကိုလိုက်သွားပါတယ်။ အဲ့ဒီအချိန်မှာ စစ်တပ်ထံ သားလေးကို တွေ့ချင်ပါတယ်ဆိုပြီး တောင်းဆိုပါတယ်။ အဲ့ဒီအချိန်မှာ ဗိုလ်ကြီးကျော်မိုးက ခင်ဗျားသားနဲ့တွေရင်ဘာလုပ်မှာလဲလို့ မေးပါတယ်။ အဲ့ဒီအခါကျနော်က သားနဲ့တွေရင့် ကိုယ်သားကို ပြန်ခေါ်သွားမယ်လို့ပြောပါတယ်။ ဗိုလ်ကြီးကျော်မိုးက သားနဲ့တွေခွင့်မပေးနိုင်ဘူး။ ခင်ဗျားပြန်တော့လို့ပြောပါတယ်။ အဲ့ဒီအချိန်ကျနော်ငိုယိုပြီးတော့ ပြန်လာရပါတယ်” လို့ ဦးမောင်စိန်အောင်က ပြောပါတယ်။ မောင်အောင်သန်းစိုး ပြန်လည်လွတ်မြောက်ဖို့ ကူညီပေးနေတဲ့ ရက္ခမဏ္ဍလကျောင်းတိုက်မှ ဆရာတော်ဦးမဏ္ဍလက “ဦးဇင်းဘက်က စာရွက်စာတမ်းတွေအပြည်အစုံနဲ့ တင်ပြပေးနိုင်ရန် ကလေးကို ပြန်ထုတ်ပေးမေးမယ်လို့ ပြောတယ်။ ဦးဇင်းတို့ဘက်၊ စာရွက်စာတမ်းနဲ့အပြည့်အစုံနဲ့ သွားတင်ပြတဲ့အခါ ထုတ်မပေးတော့ဘူး။ သွားတာသုံးခါရှိပြီ။ ဒီတခါသွားတော့ သူတို့ပြောတယ်။ အထက်ကိုတင်ပြရမယ်လို့ ပြောပြန်တယ်။ ဦးဇင်းတို့က အဲ့ဒီဗိုလ်မှူးကျော်မိုးကို ဘယ်လောက်စောင့်ရမလဲလို့ မေးလိုက်တယ်။ ၂၆ ရက် ၄ လပိုင်းနေ့ (၂၀၁၆ ခုနှစ်) နောက်ဆုံးထားပြီး ကလေးကို ပြန်ပို့ပေးမယ်လို့ပြောတယ်။ အခုအချိန်ထိ ဘာမှထူးမလာဘူး” လို့ ပြောပါတယ်။ အခုကိစ္စနဲ့ပတ်သက်လို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) ကို တိုင်းတန်းခဲ့ပေမယ့် ထူးခြားမှုတစုံတရာမရှိဘူးလို့ ဦးဇင်းက မိန့်ပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရတပ်ကရော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေမှာပါ ကလေးစစ်သား အသုံးပြုမှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေက အစဉ်တစိုက် ဝေဖန်ပြောကြားနေတာပါ။ မြန်မာနိုင်ငံဟာ ကလေးစစ်သား အသုံးမပြုဖို့ ကုလသမဂ္ဂနဲ့ ၂၀၁၂ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီးနောက် လက်ရှိအချိန်ထိ အရွယ်မရောက်သေးတဲ့ ကလေးစစ်သည် ၈၀၀ နီးပါးကို တပ်မတော်ကနေ နုတ်ထွက်ခွင့်ပေးခဲ့ပြီးဖြစ်ပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ဝဏ္ဏခွာညို  
5 years Ago
Up