ကလေးငယ် ၃ ဦး ရေနစ်ပျောက်ဆုံးနေ

April 25, 2017

ဧရာဝတီမြစ်ထဲ ရေဆင်းချိုးသည့် ကလေးငယ် ၃ ဦး ရေနစ်ပျောက်ဆုံးနေ

ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ထဲကက ၈ တန်း စာမေးပွဲ အောင်မြင်ထားတဲ့ ကလေး ၃ ယောက် ရေနစ် ပျောက်ဆုံးနေပါတယ်။ ဧပြီလ ၂၅ ရက်နေ့ မနက် ၉ နာရီခန့်လောက်က ပန်းတောင်းမြို့နယ် စမ်းပေါက်ချောင်းကျေးရွာဘေး ဧရာဝတီမြစ်ထဲမှာ ရေဆင်းချိုးတဲ့ ကလေးငယ် ၃ ယောက် ရေနစ်ပျောက်ဆုံးနေတာကြောင့် ပန်းတောင်းမြို့မရဲစခန်းက မီးသတ်တပ်ဖွဲ့၊ ပရဟိတအဖွဲ့တွေနဲ့ မြစ်ထဲမှာ ရှာဖွေနေတယ်လို့ ရဲစခန်း တာဝန်ရှိသူတွေထံက သိရပါတယ်။ “ကလေးတွေက လာတုန်းက ပထမ ၃ ယောက် သူတို့ကနေ နောက်သူငယ်ချင်း ၃ ယောက်ကို ဖုန်းဆက်ပြီး ထပ်ခေါ်တာ နောက် ၃ ယောက် ရောက်လာတဲ့အချိန်မှာ ကလေး တယောက်က ရေနစ်နေလို့ ကျန်တဲ့ ၂ ယောက်က လိုက်ဆယ်နေတာ။ အဲဒီမှာ နောက် ရောက်လာတဲ့ ၃ ယောက်က ကမ်းပေါ်တက်ပြီး အကူညီတောင်းတာ လူတွေ ပါလာတော့ သူတို့ ၃ ယောက်လုံး မရှိတော့ဘူး” လို့ ပန်းတောင်းရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ်သန်းနိုင်ထွန်းက ဒီဗွီဘီကို ရှင်းပြပါတယ်။ ရေနစ်ပျောက်ဆုံးနေတဲ့ ကလေး ၃ ယောက်က ကပစ ၃ မှာနေတဲ့ ၁၅ နှစ်အရွယ် မောင်ခန်မှူးပိုင်၊ ကစစ ၁၆ က မောင်ပိုင်မင်းသန့်နဲ့ ကစစ ၁၆ က မောင်မျိုးမောင်မောင်တို့ဖြစ်ပြီး အားလုံးက အခုနှစ် နဝမတန်းကို တက်ရော်မယ့်သူတွေ ဖြစ်ပါတယ်။ နေ့လယ် ၂ နာရီအထိ ရေငုပ် ပိုက်ချ ရှာဖွေနေခဲ့ကြပေမယ့် ရှာဖွေမတွေ့သေးပါဘူး။ ဒါပေမယ့် ၂ နာရီ ၂၀ မိနစ်မှာ မောင်ပိုင်မင်းသန့် အလောင်းကို ရှာဖွေဆယ်ယူနိုင်ခဲ့ပြီး ကျန်တဲ့ ၂ ယောက်ကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။
4 years Ago
Up