အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ဇူလိုင် ၁၉ ရက်နေ့က လေးဘက်သွား ကလေးငယ်တွေ ၀င်ရောက်ယှဉ်ပြိုင်တဲ့ နှစ်စဉ်ကျင်းပမြဲ Diaper Derby ပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။
နယူးယောက်မြို့မှာ စံချိန်တင် အပူချိန်မြင့်နေတာကြောင့် နှစ်စဉ်ကျင်းပတဲ့ ထရိုင်ယာသွန် ပြိုင်ပွဲကို ပယ်ဖျက်ခဲ့ပေမယ့် မိုးလုံလေလုံပြိုင်ပွဲဖြစ်တဲ့ Diaper Derby ပြိုင်ပွဲကိုတော့ ကျင်းပခဲ့ပါတယ်။
မြို့လယ်က မက်ဟန်တန်ဟိုတယ်မှာ ကျင်းပတဲ့ အဲဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ကလေးငယ်တွေကို ၁၂ ပေအရှည်ရှိတဲ့ ဖျာပေါ်မှာ နေရာချထားပါတယ်။ အဲဒီနောက် အချက်ပေးလိုက်တာနဲ့ ကလေးငယ်တွေကို တဖက်စွန်းဆီ အရောက်သွားဖို့ အားပေးကြတာပါ။
ပြိုင်ပွဲဝင် ကလေးငယ်တွေဟာ ၆ လ ကျော်၊ လေးဘက်သွားအရွယ် ရှိရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ စုစုပေါင်း ကလေးငယ် ၃၁ ယောက် ၀င်ရောက်ယှဉ်ပြိုင်ပြိး ချန်ပီယံပြိုင်ပွဲမှာတော့ ပထမပြိုင်ပွဲ တခုစီက အနိုင်ရကလေးငယ်တွေ ပြန်ယှဉ်ပြိုင်ပါတယ်။
နောက်ဆုံး ချန်ပီယံပြိုင်ပွဲမှာ စတက်တန်ကျွန်းက ၁၄ လသားအရွယ် လုကတ်စ်ဟိုက အနိုင်ရခဲ့ပါတယ်။ ချန်ပီယံဆုရှင် လုကတ်စ်ဟိုရဲ့ မိခင်က လုကတ်စ်ဟာ သူများနောက်မှ တာထွက်ပြီး ဆုရခဲ့တယ်လို့ ဆိုပါတယ်။
လုကတ်စ်ရှေ့မှာ ချထားတဲ့ ဘလူးဘယ်ရီမုန့်ကြောင့် လုကတ်စ်ဟာ သူတို့ဆီ တန်းပြေးလာခဲ့တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။
2 years Ago