ကလေးကို ဘုန်းကြီးတပါး ကူညီ

December 25, 2016

ဦးခေါင်းခွံမပါ မျက်နှာတခြမ်းဖြင့် မွေးလာသည့်ကလေးကို ဘုန်းကြီးတပါး ကူညီ

ဦးခေါင်းခွံမပါရှိဘဲ မျက်နှာတခြမ်းတည်းနဲ့ မွေးလာတဲ့ ကလေးကို ကြင်နာသနားတတ်တဲ့ ဘုန်းကြီးတပါးက ဒီနှစ် ခရစ္စမတ်ကာလမှာ ကူညီစောင့်ရှောက်နေတယ်လို့ မေရာရဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ဆာရာဘူရီမှာ နေထိုင်နေတဲ့ အသက် ၈ လအရွယ် နူရာဖီဟာဆိုတဲ့ ကလေးအတွက် အကူအညီတွေအများကြီး လိုအပ်နေတယ်လို့လည်း လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။ နူရာဖီဟာကို မွေးဖွားချိန်မှာ ကလေးက နှုတ်ခမ်းနဲ့အာခေါင်ကွဲနေသလို ဦးခေါင်းခွံလည်းမပါ၊ မျက်စိမမြင်ရဘဲ မွေးဖွားလာတာပါ။ နို့ကို ပုံမှန်ကလေးတွေလို မသောက်နိုင်ပဲ ပြွန်နဲ့တိုက်ပေးရတာပါ။ ဘန်ကောက်မြို့ Ruamkatanyu ဖောင်ဒေးရှင်းမှ ဘုန်းကြီးတပါးဖြစ်သူ ဘင်က သူမကို ကုသပေးဖို့ လိုအပ်တဲ့ ရန်ပုံငွေရှာရင်း သူမရဲ့ဖြစ်ရပ်က လူမှုကွန်ရက်စာမျက်နှာမှာ အထင်အရှားဖြစ်လာခဲ့တာပါ။ ဘုန်းကြီးဘင်နဲ့ ဖောင်ဒေးရှင်းဟာ ဆင်းရဲတဲ့မိသားစုတွေကို ကူညီပေးတဲ့ အလုပ်တွေကြောင့် လူသိများပါတယ်။ နူရာဖီဟာတို့ မိသားစုမှာ စုစုပေါင်း ကလေး ၅ ယောက်ရှိပါတယ်၊ စက်ရုံမှာ အလုပ်လုပ်နေတဲ့ ဖခင်ရဲ့ ဝင်ငွေတစ်ခုတည်းကို မှီပြီး ရပ်တည်နေကာ ကျန်ကလေး ၄ ယောက်ကလည်း ကျောင်းတက်နေတာကြောင့် သူတို့မိသားစုဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။ နူရာဖီဟာအနေနဲ့ ရှေ့အနာဂတ်မှာ ပုံမှန်ဆေးကုသမှု ခံယူဖို့ လိုအပ်ပြီး သူမရဲ့မျက်နှာနဲ့ ဦးခေါင်းခွံအတွက် ခွဲစိတ်မှုများစွာလည်း လုပ်ဆောင်ရမှာပါ။ ဖောင်ဒေးရှင်းမှ ရန်ပုံငွေနဲ့ ဘုန်းကြီးဘင် ဖေ့စ်ဘွတ်စာမျက်နှာမှာ အလှူခံလို့ ရရှိတဲ့ တစ်သီးပုဂ္ဂအလှူရှင်တွေရဲ့ ငွေစုစုပေါင်း ပေါင်ငွေ ၄၄၀၀ နဲ့ညီမျှတဲ့ ထိုင်းဘတ်ငွေ ၂ သိန်း  ကလေးမိသားစုအတွက် ဘုန်းကြီးက လှူဒါန်းထားပြီးပြီလို့ သိရပါတယ်။
5 years Ago
Up