ကလောမြို့

A d v e r t i s e m e n t With Us

May 30, 2019

ကလောမြို့တွင် နေအိမ်မီးလောင်၊ အမျိုးသမီး ၂ ဦးသေဆုံး

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့  ၅ ရပ်ကွက် နတ်စင်လမ်းရှိ အိမ်တအိမ်မှာ မနေ့ညက စက်သုံးဆီဖြည့်တဲ့နေရာအနီး လျှပ်စစ်ခြင်ရိုက်ဘက်တံနဲ့ ခြင်ရိုက်ရာက မီးပွင့်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့လို့ အမျိုးသမီး ၂ ဦး သေဆုံးသွားပါတယ်။ မီးလောင်မှု ဖြစ်ပွားတာကို မီးသတ်ကား ၆ စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့တယ်လို့ ကလောမြို့နယ် မီးသတ်ဌာနမှ မီးသတ်တပ်ကြပ်ကြီး ကျော်ကျော်ဦးက ဒီဗွီဘီကို ပြောပါတယ်။ “ဓာတ်ဆီရောင်းတဲ့နေရာနားမှာ ဆိုင်ကယ်ဆီဖြည့်နေတုန်း ကလေးက ခြင်ရိုက်ဘက်တံနဲ့ ခြင်ရိုက်တော့ မီးပွင့်ပြီး လောင်တယ်လို့ သိရတယ်ခင်ဗျ။ မီးလောင်တယ်လို့ ပြည်သူတွေ လာအကြောင်းကြားတာ ည ၇ နာရီ ၂၃ မိနစ်၊ ချက်ချင်းပဲ ကလောမီးသတ်ဌာနက ကား ၄ စီး၊ အောင်ပန်း မီးသတ်က ၂ စီး၊  သံလျင်မီး သတ်တပ်ဖွဲ့ဝင်နဲ့ အရန်ပါ အားလုံးအင်အား ၄၀ ကျော် ရပ်ကွက်ထဲက ပြည်သူတွေနဲ့အတူ ၀ိုင်းငြိမ်းကြတယ်။ ၇ နာရီ မိနစ် ၄၀ မှာ မီးထိန်းနိုင်ပြီး ၈ နာရီလောက်မှာ လုံးဝငြိမ်းသွားတယ်။ ဒါပေမယ့် အမျိုးသမီး ၂ ဦးကတော့ မီးထဲမှာပဲ ပွဲချင်းပြီးဆုံးတယ်။ အိမ်ခန်း ၄ ခန်းပါသွားတယ်၊ ကားရောဆိုင်ကယ်ရောပါတယ်။” သေဆုံးသူ ၂ ဦးမှာ အိမ်ရှင် ဒေါ်စန်းစန်းဝင်း (၅၀ နှစ်) နဲ့ အလုပ်သမား မမေဇင်ဦး (၂၂ နှစ်) တို့ဖြစ်ပြီး မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးနဲ့ မစိုးမြတ်နိုးဝတီ ၃ နှစ် (ခြင်ရိုက်သူ) တို့ မီးလောင်ဒဏ်ရာ (မစိုးရိမ်ရ) တွေ ရရှိခဲ့လို့ ကလောပြည်သူ့ဆေးရုံ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ တထပ်တန်းလျား ၈ ခန်းတွဲနေအိမ်ရဲ့ လိုင်းခန်း ၄ ခန်း မီးထဲပါသွားပြီး ခရူဇာအမျိုးအစား ကားတစီးနဲ့ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် ၄ စီးတို့ပါ လောင်ကျွမ်းသွားတယ်လို့ မီးသတ်ဌာနက ပြောပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်ပြီး ကလောမြို့မ ရဲစခန်းက အိမ်ရှင် ဒေါ်စန်းစန်းဝင်း (သေဆုံး) ကို  ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/ ၃၃၇/ ၂၈၅ (ပေါ့လျော့မှုကြောင့် လူသေစေမှု၊ သာမန်နာကျင်စေမှု၊ မီးပေါ့ဆမှု) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
2 years Ago
Up