မြန်မာကစားသမားတွေအနေနဲ့ ယုံကြည်မှု မြင့်တက်လာဖို့အတွက် စိတ်ဓာတ်ပိုင်း လှုံ့ဆော်ပေးထားပြီး ကမ္ဘောဒီးယားနဲ့ပွဲမှာ အနိုင် ၃ မှတ်ရဖို့ အရေးကြီးတယ်လို့ မြန်မာအသင်းနည်းပြ ဂတ်ဇီဆီက ပြောပါတယ်။
ဒီနေ့ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု ခ ဒုတိယနေ့ပွဲစဉ်တွေအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မြန်မာအသင်းနည်းပြက ပြောဆိုလိုက်တာပါ။
ဒီပွဲကြိုသတင်းစာရှင်းလင်းပွဲကို မြန်မာ၊ ကမ္ဘောဒီးယား၊ မလေးရှားနဲ့ ဗီယက်နမ်အသင်းတွေရဲ့ နည်းပြချုပ်တွေနဲ့ အသင်းခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။
ကမ္ဘောဒီးယားအသင်းဟာ စုစည်းညီညွတ်မှုကောင်းပြီး တန်ပြန်တိုက်စစ် ကစားပုံကောင်းတဲ့အသင်း ဖြစ်ပေမယ့် အကောင်းဆုံးပြင်ဆင်ထားလို့ မနက်ဖြန်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ မြန်မာနည်းပြ ဂတ်ဇီဆီက ဆက်ပြောပါတယ်။
မြန်မာအသင်းခေါင်းဆောင် ရန်အောင်ကျော်ကတော့ ကမ္ဘောဒီးယားနဲ့ပွဲမှာ အနိုင်ရဖို့လိုပြီး သေချာပေါက် အနိုင်ယူဖို့ ယုံကြည်ထားတယ်၊ ဒါ့အပြင် ကမ္ဘောဒီးယား တိုက်စစ်ကစားသမားတွေရဲ့ ကစားပုံကိုလည်း လေ့လာထားတဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။
မြန်မာအသင်းဟာ ပြင်ဆင်မှုကောင်းတဲ့အပြင် ကစားသမားကောင်းတွေလည်းရှိလို့ ခက်ခဲမှာဖြစ်ပေမယ့် အုပ်စုတက်ရေး မျှော်လင့်ချက်အတွက် အကောင်းဆုံး ရင်ဆိုင်သွားမယ်လို့ ကမ္ဘောဒီးယားနည်းပြ လီတေးဟွမ်က ပြောပါတယ်။
ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ ၂၀၁၆ အာဆီယံ ဆူဇူကီးဖလား အုပ်စု ခ ဒုတိယပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၃ ရက် ညနေ ၃ နာရီမှာ မလေးရှားနဲ့ ဗီယက်နမ်၊ ညနေ ၆ နာရီမှာ မြန်မာနဲ့ ကမ္ဘောဒီးယားတို့ ယှဉ်ပြိုင်ကစားကြမှာပါ။
မြန်မာနဲ့ ကမ္ဘောဒီးယားအသင်းတို့ဟာ ဆူဇူကီးပြိုင်ပွဲသမိုင်းတလျှောက် ၅ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး မြန်မာအသင်းက ၅ ကြိမ်စလုံး အနိုင်ရထားပါတယ်။
6 years Ago